ပြည်ပလေကြောင်းခရီးစဉ်များပျံသန်းပြေးဆွဲခွင့် စက်တင်ဘာလကုန်အထိ ထပ်မံရွှေ့ဆိုင်း
DVB
·
August 27, 2020
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်တွေ ပျံသန်းပြေးဆွဲခွင့် ကန့်သတ်ချက်ကို စက်တင်ဘာ ၃၀ ရက် အထိ ထပ်မံတိုးမြှင့်လိုက်ပါတယ်။
လေကြောင်းခရီးသွားလာခြင်းမှတစ်ဆင့် မြန်မာနိုင်ငံတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်နိုင်ဖို့ ကန့်သတ်ချက်တွေ စက်တင်ဘာ ၃၀ ရက်၊ မြန်မာစံတော်ချိန် ၂၃:၅၉ နာရီအထိ ထပ်မံတိုးမြှင့်လိုက်တာလို့ မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ ဩဂုတ် ၂၆ ထုတ်ပြန်ချက်အရ သိရပါတယ်။
လေဆိပ် Terminal 3 ရှိ ပြည်တွင်းလေကြောင်းလိုင်းခရီးစဉ်တွေ ပြေးဆွဲပျံသန်းမှု တွေကိုတော့ ပုံမှန်အတိုင်းဝန်ဆောင်မှုပေးနေပြီး ခရီးသည်တွေအနေနဲ့ လေဆိပ်အတွင်း ချမှတ်ထားတဲ့ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်တွေကို လိုက်နာဆောင်ရွက်ကြဖို့ အသိပေးကြေညာထားပါတယ်။
ရန်ကုန်လေဆိပ်မှာ အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်တွေ ပျံသန်းပြေးဆွဲခွင့် ရပ်ဆိုင်းထားပေမဲ့ ပြည်ပမှာ ပိတ်နေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လည်ခေါ်ဆောင်တဲ့ ကယ်ဆယ်ရေးလေယာဉ်နဲ့ အထူးလေယာဉ်တွေကတော့ ပျံသန်းပြေးဆွဲနေပါတယ်။