Home
ဆောင်းပါး
စာရေးဆရာကြီး မြန်မာပညာရှိ ဦးအောင်
DVB
·
August 27, 2020
 စာရေးဆရာ၊ ဦးအောင်မှာဖြင့် မြန်မာပညာရှိ၊ ကျမ်းများညှိကာ အသိထူးရောက်၊ ပေါ်ဦးလျှောက်ထုံး စုစည်းရုံးဖွဲ့၊ ရေးသားခဲ့သူ စဦးလူပင်ဖြစ်ပါ၏။ ။ မောင်တူး   သူတို့စာတွေဖတ်ပြီး စာရေးဆရာတွေကို ဦးညွှတ်မိတယ်။ ဦးပုညတို့လို စာဆိုကြီးတွေအကြောင်းတွေ ရှာလွယ်ပေမဲ့ တချို့ စာရေးသူတွေကျ သူတို့အကြောင်း ရှာဖွေဖို့ နည်းနည်းခက်တယ်။ ဒီအထဲမှာ ဦးအောင်လဲပါတယ်။ စာရေးဆရာ ဦးအောင်လို့ ဆိုလိုက်ရင် တခြား စာရေးဆရာ ဦးအောင် နာမည်ဆင်ဆင်တူတွေလဲ တွေ့ရ တယ်။ ဒါကြောင့် စာရေးဆရာကြီး မြန်မာ ပညာရှိ ဦးအောင် လို့ ကျနော် ရေးလိုက်တာပါ။ ဦးအောင်ဟာ ဦးပေါ်ဦးလျှောက်ထုံး (ကဝိသေတ္တုမဉ္ဇူသာကျမ်း)စာအုပ် မြန်မာနှစ် ၁၂၆၉ (1908) ကို ရေးသားခဲ့သူပါ။ ဟာသဉာဏ်ထူးတဲ့၊ တင်္ခဏုပတ္တိဉာဏ်ရွှင်တဲ့ အမတ်ကြီး ဦးပေါ်ဦးအကြောင်းကို  စီရင် ရေးသားခဲ့သူ ဦးအောင်လို့ အဆိုရှိပါတယ်။ ဒါ့အပြင် သူ ရေးသားခဲ့တဲ့ စာအုပ်တွေကတော့ ၁။ ကဝိသေတ္တု မဉ္ဇူသာကျမ်း (ပထမတွဲ) [အမတ်ကြီး ဦးပေါ်ဦး လျှောက်ထုံး] (၁၉ဝ၈) ၂။ ကဝိသာရ မဉ္ဇူသာကျမ်း [အယူတော်မင်္ဂလာ လျှောက်ထုံး] (၁၉ဝ၉) ၃။ ကဝိန္ဒာဝုဓ မဉ္ဇူသာကျမ်း [သင်္ဂဇာ ဆရာတော်ဘုရားကြီး၏ ပုံပြင်ပမျည်း စကားထုံးများ] (၁၉၁ဝ) ၄။ ကဝိသေနင်္ဂဗျူဟာကျမ်း [ရှင်ဥတ္တမကျော်နှင့် ခုံတော်မောင်ကျဘမ်း စကားစစ်၊ တရားစစ်ထိုးခန်း] (၁၉၁ဝ) ၅။ ဥပမာသမူဟ ပကိဏ္ဏကကျမ်း [စကားပုံပေါင်းချုပ်] (၁၉၁၁) ၆။ ဥပမာသင်္ဂဟ ဝစနက္ကမကျမ်း [၄ တွဲ] [၁၉၁၂- ၁၅ (?)] ၇။ ဒလ္လီမြို့တော်ကြီး ပညာရှိ ဗိရဗလအမတ်ကြီး လျှောက်ထုံး (၁၉၁၂) တို့ ဖြစ်ကြပါတယ်။ လူထဲကလူ အခါတပါး၌ ဘဝရှင်မင်းတရားကြီးသည် ရွှေကြက်ယက်ဘုရား၌ အမတ်ကြီးဦးပေါ်ဦးကို ခေါ်၍ ရွှေကြက်ယက် ဆိပ်ကမ်းမှ တဖက် အစေခံဆိပ်ကမ်းသို့ ရောက်အောင် ကူးနိုင်မည်လားဟု မေးတော်မူသည်။ ဦးပေါ်ဦး ပြန်လျှောက်တင်ပုံက ဦးပေါ်ဦး။ ။ မှန်လှပါ။ ဘုန်းတော်ကြောင့် ဤဧရာဝတီမြစ်ကြီးကို နှစ်ပြန် နှစ်ထပ်ပင် ရှိစေတော့ ကူးနိုင်ကြောင်းပါ။ ဘဝရှင်မင်းတရားကြီး။ ။ ဟုတ်မှလုပ်ပါကွယ်။ ရေလယ်မှာ နစ်သေနေမှာ ကိုယ်တော်မြတ် စိုးရိမ်လှတယ်။ ဦးပေါ်ဦးက စိုးရိမ်တော်မမူပါနှင့်ဟု သံတော်ဦးတင်ပြီး ခါးဝတ်ပုဆိုးကို အောက်ပိုးကျိုက် ကျိုက်ပြီး ကမ်းစပ်သောင်ခုံမှာ အပြန်ပြန် ပြေးနေပါတယ်။ ထိုအခါ ဧကရာဇ်မင်းမြတ်သည် ဗိလတ်နိုင်ငံရှင်၊ ဘုရင် ဝီလျံမင်း ဆက်သသော ဒိဗ္ဗစက္ခု မှန်ပြောင်းတော်နှင့် ကြည့်ရှုတော်မူရာ တဖက်ကမ်းကို ဦးတည် ရေဆင်းမကူးပဲနေတဲ့အတွက် ပြန်ခေါ်ခိုင်းတော်မူကာ ရှေ့တော်သွင်းစေသည်။ ဘဝရှင်မင်းတရားကြီး။ ။ ဟဲ့ ငပေါ်ဦး။ ရေသို့ဆင်း ဟိုမှာဖက်ကမ်းကို ဦးတည်ပြီး ဘာကြောင့် မကူးပဲနေဘိသနည်း။ ပေါ်ဦး။ ။ ကမ်းစပ်မှာ လှေရှာသော်လည်း လှေတစင်းမျှ မတွေ့လို့ပါဘုရား။ ဘဝရှင်မင်းတရားကြီး။ ။ ဟဲ့ ပေါ်ဦး။ လှေရှာပြီး ကူးမှာဖြင့် လူတိုင်းကူးနိုင်တာပဲ။ ငါက လက်ပစ်ကူးသွားနိုင်တာလားလို့ မေးတာပဲ။ အခုတော့ လှေရှာနေတာပါဘုရားဟု မင်း ဆိုလာတယ်။ မင်း သည်လို ဦးတင်တာ တော်ရော့လား။ ပေါ်ဦး။ ။ ဘုရာ့ရွှေဘုန်းတော်ကြောင့် လူတိုင်းပင် လှေဖြင့်ကူးနိုင်ကြသကဲ့သို့ လူထဲက လူပင် ဖြစ်ပါသည် ဘုရား။ ထိုသို့ လျှောက်သည်ကို ဗိုလ်ရှုညီလာခံ အုတ်အာသောင်းသဲ ဖရိုဖရဲ ရယ်မောကြသည်တွင် ဘဝရှင်မင်းတရားကြီးလည်း ပြုံးတော်မူလျှက် ပေါ်ဦး မောင်မင်းမှာ ရူးတယ်ဆိုတိုင်းပင် ရူးတော့သည်ဟု ဆိုတော်မူ၏။ ဦးအောင် ဦးပေါ်ဦးလျှောက်ထုံး ဖြစ်သော ကဝိသေတ္တု မဉ္ဇူသာကျမ်း ၁၂၆၉ အမတ်ကြီး ဦးပေါ်ဦးရဲ့ လျှောက်တင်ချက်တွေကို ဟာသတွေ၊ နည်းယူစရာစေ၊ သံဝေဂတွေအဖြစ် နှောင်းလူတွေ ဖတ်ရှုကြပါ တယ်။ ဦးအောင် ရေး ဦးပေါ်ဦး ကဝိသေတ္တု မဉ္ဇူသာကျမ်း နဲ့ ပတ်သက်ပြီး စာရေးဆရာကြီး အောင်သင်းရဲ့ (ဖတ်စရာ တွေးစရာ) စာအုပ်မှာ ဘိုးတော်ဘုရား လက်ထက် အတွင်းဝန်လေးပါးရှိခဲ့တယ်။ မဟာမင်းလှနော်ရထာဘွဲ့ခံ ဦးပေါ်ဦးဆိုတဲ့ အတွင်းဝန် တယောက် ရှိခဲ့ဖူးတာ အမှန်ပဲ။ ဒါပေမဲ့ ဘိုးတော်ဘုရားကို ပြောချင် တိုင်းပြောနေတဲ့ ပျော်တော် ဝန် ဦးပေါ်ဦးဆိုတာ ရှိကို မရှိခဲ့ဖူးဘူး။ အဲဒီဦးပေါ်ဦးကို ဖန်တီးသူ ‘ဆရာ ဦးအောင်’ဆိုသူက မိဘကစပြီး နန်းတွင်းနဲ့ နီးစပ် တဲ့အပြင် ပင်ကိုဉာဏ်လည်းရွှင်၊ ဗဟုသုတလည်း ပြည့်စုံလို့ တကယ်ရှိခဲ့ဖူးတယ်လို့ကိုပဲ ထင်ရတယ်လို့ ရေးထားတယ်။ ကနဦး ဦးပေါ်ဦး လျှောက်ထုံးစာအုပ် ရေးသားပြုစုကြသူ ၄ ဦး ရှိပါတယ်။ (၁) မြန်မာပညာရှိ ဦးအောင်၊ (၂) စာပြန်တော် ဆရာသိန်း၊ (၃) ပိဋကတ် ဆရာမြိုင်၊ (၄) မန္တလေး ဦးကျော်ထွန်းတို့ ဖြစ်ကြတယ်။ ဆရာအောင်သင်းက ဦးအောင်ရေးတဲ့ ကဝိသေနင်္ဂဗျူဟာကျမ်း [ရှင်ဥတ္တမကျော်နှင့် ခုံတော်မောင်ကျဘမ်း စကားစစ်၊ တရား စစ်ထိုးခန်း] စာအုပ်ကိုလည်း ‘ ဒီစာအုပ်ဟာ အလွန်နာမည်ကြီးတဲ့စာအုပ်ဖြစ်တယ်။ ခုံတော်မောင်ကျဖမ်းဆိုတာလည်း တကယ် ကိုပဲရှိခဲ့ဖူးတယ်လို့ ထင်ရတယ်။ စာရေးဆရာအသင်း ကတောင် ပြဇာတ်ကခဲ့ဖူးသေးတာကို ထောက်ပေ ရော့။ အဲဒီစာအုပ်ကိုရေးခဲ့သူကလည်း ဆရာဦးအောင် ပါပဲဗျာ’ ဟူ၍ ရေးထားသည်။ ဖတ်စရာ တွေးစရာ (အောင်သင်း)  စာရေးဆရာကြီး မြန်မာပညာရှိ ဦးအောင် ဦးအောင်ဟာ မုံရွာနယ် ထနောင်းတောရွာ အဖ ထီးလှိုင်တိုက်စား အကြီးတော်ချုပ် ဦးပေါ်ထင်ရဲ့ သား ဖြစ်တယ်။ ၁၈၄၈ ခု ခန့် ဖွားမြင်။ ငယ်မည် မောင်အောင်။ ဦးအောင် အရွယ်ရောက်တော့ အလုံမြို့ အရှေ့ဘက် မလဲသာရွာအနီး တောရဆောက် တည်နေတဲ့  သံဘို ဆရာတော်ကြီးကို ဥပဇျ္စ္စယ်ပြု ရဟန်းဝတ်တယ်။ ဘွဲ့က ရှင်ဣန္ဒာစရိယ။ ပုဇွန်တောင် ရေကျော် ဘုရားဖြူ တိုက်အုပ် မိုးကောင်း ဆရာတော်ကြီး၊ ရန်ကုန် ဆရာတော်ကြီး၊ ကိုးထောင် (ကိုးဆောင်) ဆရာတော်၊ စမ်းကျဆရာတော်၊ မော်လမြိုင် ကမာကျည် ဆရာတော်တို့ ထံမှာ ပညာ ဆည်းပူးခဲ့တာကို 'အယူတော် မင်္ဂလာ လျှောက်ထုံး' မှာ ဖော်ပြတယ်။ ဦးအောင် စဦး ထီထွင် ပြုစုတဲ့ 'အမတ်ကြီး ဦးပေါ်ဦး လျှောက်ထုံးဖြစ်သော ကဝိသေတ္တုမဉ္ဇူသာကျမ်း' ဟာ ၁၉ဝ၈ ခုနှစ်မှာ စာအုပ် ထွက်တယ်။ ဦးအောင်ဟာ ဒီစာအုပ်ကို ပထမတွဲ၊ ဒုတိယတွဲ ရေးဖို့ ရည်ရွယ်ခဲ့ပြီးမှ ထုတ်ဝေသူနဲ့ အဆင်မပြေလို့ တအုပ်နဲ့ပဲ အဆုံးသတ်လိုက်တယ်။ ဒုတိကမ္ဘာစစ်မဖြစ်ခင်မှ 'မြန်မာ့တာဝန်' မဂ္ဂဇင်း 'မှာ ဦးပေါ်ဦး လျှောက်ထုံး' တွေကို လစဉ် ဆက်ရေးခဲ့ပြန်တာပါ။ မြန်မာ့တာဝန်မဂ္ဂဇင်း အတွဲ ၁ မှာ "အမတ်ကြီး ဦးပေါ်ဦးလျှောက်ထုံး ကျမ်းစာအုပ်များမှာ မပါသေးတဲ့ ကျန်လျှောက်တင် ချက်များ" ခေါင်းစီးတပ်ပြီး - အမရပူရ ပထမ မြို့တည် နန်းတည် ဘိုးတော်မင်းကြီး လက်ထက်၊ ရတနာပူရ စတုတ္ထ မြို့တည် နန်းတည် ဖန်နန်းရှင် မင်းတရား လက်ထက်၊ အမရပူရ ဒုတိယ မြို့တည် နန်းတည် ရွှေဘိုမင်းတရား လက်ထက်၊ မင်းသုံးဆက်တိုင် ချီးမြှင့်မြှောက်စား သူကောင်းပြုခြင်းကို ခံရသော ပညာရှိ အမတ်ကြီး ဦးပေါ်ဦး၏ လျှောက်တင်ချက် စကားများကို ကျမ်းစာအုပ် အဖြစ်နှင့် ထင်ပေါ် ကျော်ကြားလျက် ရဟန်းရှင်လူ ပြည်သူအများတို့ ကြည့်ရှုမှတ်သား၍ နေကြရာ၊ ထိုလျှောက်ထုံး စာအုပ်များတွင်မပါ ကြွင်းကျန်နေသော လျှောက်တင်ချက်များကို ယင်းကျမ်း ရေးသားတီထွင် ပြုစီရင်သူ မြန်မာပညာရှိ ဆရာကြီး 'ဦးအောင်' ထံမှ ရရှိပြန်ရကား၊ ထိုအမတ်ကြီး ဦးပေါ်ဦး လျှောက်ထုံး စကားရပ်များကို မြန်မာ့တာဝန် မဂ္ဂဇင်းတွင် ထည့်သွင်းသွားပေလတ္တံ့ ဟူလို။ (ဤလည်း မှတ်ရန် စကားတထုံးတည်း)။ မြန်မာပညာရှိ ဆရာကြီး 'ဦးအောင်' ထံမှရသည်။ ကူးယူ ပုံနှိပ်ခြင်းကို ခွင့်မပြုပါ။ ဆိုပြီးရေးထားတယ် ။ ခက်ခြင်း ၃ ပါးတွင် မရှိခြင်း၊ မသိခြင်းတို့ထက် မလုပ်ခြင်းက သာ၍ခက်သည် ဟူသော ဦးပေါ်ဦးလျှောက်ထားချက်" ဖော်ပြခဲ့တယ်။ ဦးပေါ်ဦး လျှောက်ထုံး စာအုပ်ကို ဦးပေါ်ဦးကွယ်လွန်ပြီး ၆၄ နှစ်ကြာမှ ထုတ်ဝေခြင်း ဖြစ်တယ်။ ဒါကြောင့် ဒီလျှောက်ထုံး တွေဟာဦးပေါ်ဦး ပါးစပ်က တကယ်မြွက်ဟ တင်လျှောက်ချက်တွေ ဟုတ်မှ ဟုတ်ပါ့မလား၊ သမိုင်းအချက်အလက် မှန်ကန်ပါ၏လော စူးစမ်းစရာတွေ ပေါ်လာတယ်။ နန်းတွင်းလက်သုံး ပုရပိုက်ဖြူ မူတော် ထွက်အတိုင်း ရေးပေမဲ့  နှုတ်အမှတ် အသားလည်း အများအပြား ပါဝင်ကြောင်း ဦးအောင် ကိုယ်တိုင် ပြောဆိုခဲ့တယ်။ ဒါပေမဲ့ - ပြည်သူ့ ပါးစပ်ဖျား ဦးပေါ်ဦး ဆိုတဲ့အမည် ရေပန်းစားကျန်ရစ်အောင် ဖန်တီးနိုင်စွမ်းရှိတဲ့ ဆရာကြီးဦးအောင် အစရှိ ဦးပေါ်ဦးလျှောက်ထုံး ကျမ်းပြု ဆရာ ကြီးများအား ကျေးဇူးတင်ထိုက်လှပါတယ်။ ဦးအောင်ဟာ တခြားကျမ်းစာအုပ် တွေလည်း ရေးခဲ့တယ်။ တခြားသူတွေရဲ့ ကျမ်းတွေမှာလဲ အမည်မခံဘဲ ကူညီပြုစုခဲ့ တယ်။ နဂါးဗိုလ် ထိပ်တင်ထွေး ရဲ့ ရတနာသီခ ကုန်းဘောင်မဟာရာဇဝင် အကျဉ်း၊ ဦးမောင်မောင်တင် (K.S.M., A.T.M.)ရဲ့ ကုန်းဘောင်ဆက် မဟာ ရာဇဝင်တော်ကြီးတို့မှာ ဦးအောင် ရေးသား ကူညီခဲ့တယ်။ ၂ဝ ရာစု ခေတ်ဦး မြန်မာစာပေလောကမှာ ဦးအောင်ဟာ ဦးပေါ်ဦး လျှောက်ထုံးစာအုပ် တခေတ်နဲ့ သင်္ဂဇာ စကားပုံ စာအုပ် မှတ်တိုင်သစ်တို့ကို စဦးတီထွင်ခဲ့သူ၊ ရိုက်မလောက် ရောင်းတိုင်းစွံအောင် ဦးဆောင်ခဲ့သူဖြစ်လို့ ဦးအောင်ရဲ့ အခန်းကဏ္ဍကို မှတ်တမ်း တင်ထိုက်ပါတယ်။ ဦးအောင်ရဲ့ နိဂုံး "…စစ်ကြီးပြီးသောအခါ ကျွန်ုပ်တို့ ရန်ကုန်လာကြရာ ကျွန်ုပ်အားအမြဲကူညီသော မြန်မာပညာရှိ ဦးအောင် မရှိတော့ချေ"  လို့ နဂါးဗိုလ်ထိပ်တင်ဒွေးရဲ့ 'ရန်ကုန်ရာဇဝင်' (၁၉၅၄)၊ နိဒါန်းမှာ ရေးထားတယ်။ ဒါကြောင့် စစ်တွင်းမှာပဲ ဦးအောင် ကွယ်လွန် ခဲ့ပုံရှိရဲ့။ ဦးအောင်ဟာ ၁၈၄၈ ခန့် မွေးတယ်။ ဒါကြောင့် ပထမဆုံး အမတ်ကြီးဦးပေါ်ဦးလျှောက်ထုံး ၁၉ဝ၈ ထွက်လာချိန် အသက် ၆၀ ရှိနေပြီ။ သူ့နောက်ဆုံးစာအုပ်လို့ ယူဆရတဲ့ ဒလ္လီမြို့တော်ကြီး ပညာရှိ ဗိရဗလ အမတ်ကြီး လျှောက်ထုံး (၁၉၁၂) ထုတ်တော့ ၆၅ နှစ် ရှိလာပြီ။ ဒါကြောင့် စစ်ကြီးပြီးချိန် သူရှိနေသေးရင်တောင် အသက်ရာပြည့် နီးနေပြီ မို့ စစ်အတွင်း ဘယ် အချိန် ကွယ်လွန်သွားတယ်ဆိုတာ မခန့်မှန်းနိုင်ခဲ့ကြပါ။ အခု ၂၀၂၀ ဆိုရင် ဦးအောင် အသက် ၁၇၂ နှစ် ဖြစ်မှာပါ။ ဦးအောင်ရေးတဲ့ အမတ်ကြီး ဦးပေါ်ဦး မင်းပြစ်သင့်လို့ သိန္နီသို့ ပို့ကြောင်း ဘုရင့်အလိုမလိုက်ပဲ အမတ်ကြီးဦးပေါ်ဦးက မှန်ရာဝေဖန်ပြီး ဘုရင်ပါးမဝဘူး လို့ ပြောခဲ့တာကြောင့် နယ်နှင်ဒဏ်ခံရတာပါ။ အခုခေတ် စစ်အာဏာရှင်တွေကို ဝေဖန်လို့ အလုပ်ပြုတ် ထောင်ကျရတာမျိုးလိုပေါ့။ ဘိုးတော်မင်းက မြေးတော်လေးအတွက် သဿမေဓခွန် (လယ်သမားများထံကရသောအခွန်) ငွေ ၈ သိန်းသုံးပြီး မြရတနာဝယ်ဖို့ အမိန့်တော်ထုတ်တယ်။ - ‘’ ရှင်ဘုရင်ဟာ ရှင်ဘုရင်ပါး မဝသေးပါဘူး’’ -  လို့ ဦးပေါ်ဦးက ပြောခဲ့တယ်။ ‘‘ ကမ္ဘာဦးနတ်၊ လူ့ဥက္ကဌ်တို့၊ ပညတ်တော်မှန်၊ ဝေဖန်ဟန်ကား၊ လေးတန်ဓမ္မ၊ သင်္ဂဟတွင်၊ သဿမေဓော်၊ ခွန်သီးတော်မူ၊ စစ်သည်ရိက္ခာ၊ ဖြစ်စေရာ၏ ’’ ဒါကို ဘုရင်ကလဲ ဒေါသအမြက် ချောင်းချောင်းထွက်ပြီး သိန္နီကို အကျဉ်းချုပ်နဲ့ပို့လိုက်တယ်။ ဦးပေါ်ဦးကလည်း သိန္နီကနေ ရှင်ဘုရင်နဲ့ နန်းတွင်းကို လွမ်းဆွတ်ရတုတွေ ဆက်သွင်း ပေးပို့နေခဲ့ပါတော့တယ်။ ‘‘ သံကျူး သံသာ၊ သံချိုဝါနှင့်၊ သာယာသမှု၊ နန်းရတုကို၊             နန်းမူကုန်အောင်၊ နန်းဘုံဆောင်၌၊ နန်းယောင်မတ်များ၊                သိနိုးနားဖြင့်၊ စကားပြေစွာ၊ မရေရာပင်။ ’’ ဘုရင့်အနားက အမတ်တွေဟာ အသံသာသာနဲ့ အကြောင်းအရာတွေ လျှောက်တင်နေကြမင့် ဒီအကြောင်းတွေ ရေရေရာရာ ဘာမှ မသိဘူးလို့ ဆိုလိုပါတယ်။ ဒီအခါ ဘုရင် စဉ်းစားတာက - - - ‘‘ငါ၏ အပါးတော်၌ရှိသော မှူးကြီးမတ်ငယ်တို့သည် ငါ့မိန့်တော်မူသမျှကိုပင် ပြီးစီးကြသည်။ ဤသို့ ပြီးစီးကြခြင်းသည် ငါ၏ ကျေးဇူးတော် ပျက်ဖွယ်ရာတည်း။ ပေါ်ဦးသာလျှင် ငါ၏ ကျိုးတော်မြတ်ကို လိုလားချေသည်။ ’’ ဒီလို သိလာပြီး အမတ်ကြီး ဦးပေါ်ဦးကို ပြန်ခေါ်ဖို့ ဆုံးဖြတ်တော်မူတယ်။ အာဏာရှင်ခေတ်မှာ အာဏာရှင်ကြီးတွေအနား ကပ်နေသူတွေက အာဏာရှင်ကြီးတွေ အကြိုက်လိုက်ပြောပေးနေကြတာက အာဏာရှင်ကြီးတွေ ပျက်စီးစေကြောင်း ဥပမာနဲ့ တူလှပါတယ်။ ‘‘တိုင်းပြည်ဆိုသည်မှာ သဘင်သည်နှင့်အရူးရှိမှ ပြည်၏ကျက်သရေ စည်ကားချေသည်။ အိမ်ရှင်တို့ မည်             သည်ကား ကလေးသူငယ်ရှိမှ စည်ပင်ချေသည်။ နန်းတော်အိမ်တော် ဆိုသည်မှာလည်း လူရွှင် လူပျော်             အရူးရှိမှ အပျင်းပြေရာသည်။ သို့ဖြစ်၍ ပေါ်ဦးလည်း တမြို့တနိုင်ငံသို့ ပို့နှင်တော်မူထားသည်မှာ သင်း ပျင်း             လှရှာရော့မည်။ မောင်မင်းများ အရူးကို ပြန်ခေါ်၍ သနားတော်မူရင်း စားကျေးမြို့ရွာ အဆောင်အယောင်             နှင့်တကွ ထားမြဲ ထားလိုက်ကြရမည်။ ’’ နောက်ဆုံးမှာ ဘိုးတော်ဘုရားဟာ ငယ်ကျွန် (အောက်လက်ဝန်ထမ်း) ကို အာဏာမသုံးတော့ပါ။ ရာဇမာန် မသုံး မေတ္တာနဲ့ ကြင်ကြင်နာနာ ခွင့်လွှတ်ပုံ၊ အမှားထောက်ပြလာတာကို ဆင်ခြင်တုံတရားနဲ့ ခွင့်လွှတ်ပုံ အတုယူစရာဟန်ကို ဦးအောင်က ရေးသားထားခဲ့ပါတယ်။ ဦးအောင်ရဲ့ လျှောက်ထုံးကျမ်းတွေဟာ အုပ်ချုပ်သူ (အစိုးရ) တွေ ထားသင့်တဲ့ သဘောထားတွေကို ရှေ့ဆောင်လမ်းပြပေးတဲ့ စာပေတွေ ဖြစ်ကြပါတယ်ဗျာ။ ။ မောင်တူး ၂၇ ဩဂုတ် ၂၀၂၀ ကြာသပတေး ကိုးကား ၁။ ရာပြည့်တိုက်ထုတ် ဦးစိုးညွန့် စုစည်း တည်းဖြတ် '၂ဝ ရာစု မြန်မာစာရေးဆရာ ၁ဝဝ [အတ္ထုပ္ပတ္တိ အကျဉ်း] ဒုတိယအုပ်' ၂။ ဝီကီပီးဒီးယား စွယ်စုံကျမ်း ၃။ ဖတ်စရာ တွေးစရာ (အောင်သင်း) ခဝါလှေမွန်စာအုပ်တိုက် ၂၀၁၈ ၄။ ဦးအောင်၏ ကဝိသေတ္တုမဉ္ဇူသာကျမ်း[အမတ်ကြီး ဦးပေါ်ဦးလျှောက်ထုံး]လေ့လာချက်စာတန်းအကျဉ်း -(သီတာအောင်)  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024