မက်ဂွိုင်းယား မတောင်းပန်သည့်အပေါ် အံ့သြဟု ဂရိရှေ့နေပြော

ဂရိနိုင်ငံ မီခိုနော့စ်ကျွန်းမှာ ဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဟယ်ရီမက်ဂွိုင်းယားဘက်က ထုတ်ဖော်တောင်းပန်ခြင်း မရှိသေးတဲ့ အခြေအနေပေါ် အံ့သြမိသလို ဒါဟာ အားကစားသမား မပီသတဲ့ အပြုအမူဖြစ်တယ်လို့  တရားလို ရှေ့နေတဦးက ပြောဆိုလိုက်ပါတယ်။  မက်ဂွိုင်းယားဟာ ပြီးခဲ့တဲ့သီတင်းပတ် ဂရိကျွန်းပေါ်က ရန်ပွဲအတွက် ဖမ်းဆီးခံခဲ့ရပါတယ်။  အင်္ဂါနေ့ တရားရုံးစစ်ဆေးမှုအပြီးမှာတော့ ယူနိုက်တက်အသင်းခါင်းဆောင်ဟာ ပြင်းပြင်းထန်ထန်နာကျင်စေခြင်း၊ လာဘ်ထိုးရန်ကြိုးပမ်းခြင်း၊ ပြည်သူ့အမှုထမ်းများကို အကြမ်းဖက်ခြင်းစတဲ့ ပြစ်မှုတွေအတွက် အပြစ်ရှိကြောင်းတွေ့ခဲ့ရပါတယ်။  ဒါ့ကြောင့် သူ့ကို ထောင်ဒဏ် ၂၁ လနဲ့ ၁၀ ရက်ချမှတ်ခဲ့ပြီး ပြစ်ဒဏ်ကို ၃ နှစ်ဆိုင်းငံ့ဖို့လည်း သတ်မှတ်ခဲ့ပါတယ်။  အသက် ၂၇ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ဟာ အစ်ကိုဖြစ်သူ၊ မိတ်ဆွေဖြစ်သူတို့နဲ့အတူ ဖမ်းဆီးခံခဲ့ ရတာဖြစ်ပြီး သူတို့ ၃ ဦးလုံးက တော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ ဒါပေမဲ့ သူတို့အတွက် တောင်းပန်စကားပြောကြားဖို့ အချိန်ရှိနေသေးကြောင်း တရားလိုရှေ့နေ Dr Ioannis Paradissis က ပြောပါတယ်။ ဒီရှေ့နေဟာ မက်ဂွိုင်းယားတို့ ရန်ပွဲကိစ္စမှာပါဝင်တဲ့ ဂရိရဲတပ်ဖွဲ့ဝင် ၆ ဦးကို ကိုယ်စားပြုသူ ဖြစ်ပါတယ်။ “ဂရိရဲ့တရားစီရင်ရေးက အမှုကိုဆက်လက်စစ်ဆေးခြင်းပါ။ ဒါ့ကြောင့် သူတို့ ၃ ဦးအတွက် မှားခဲ့ကြောင်း တောင်းပန်ဖို့ အချိန်ကျန်ရှိနေဆဲဖြစ်ပါတယ်။ ဒီလိုလုပ်မယ်ဆိုရင် သူတို့အတွက်ရ လဒ်ဟာ ပြောင်းလဲသွားမယ်လို့ ကျနော်တင်ပါတယ်။ ဘာလို့ပြောင်းလဲသွားနိုင်တာလဲဆိုတော့ ဂရိဥပဒေတွေအရ ရဲတပ်ဖွဲ့နဲ့ပတ်သက်လို့ စွပ်စွဲချက်  တချို့ကို ပယ်ဖျက်လို့ ရပါတယ်။ ကျနော့် အမှုသယ်တွေဘက်က မက်ဂွိုင်ယားတို့ရဲ့ တောင်းပန်မှုကို လက်ခံပါ့မလားဆိုတာ မသိပေမယ့် သူတို့ကအခုအထိ အဲ့ဒီဘက်က တောင်းပန်မှုကို စောင့်မျှော်နေဆဲဖြစ်ပါတယ်။ ကျနော် တခုခုမှားခဲ့မယ်ဆိုရင် ပြန်တောင်းပန်မှာဖြစ်ပေမယ့် မက်ဂွိုင်ယားတို့ဘက်က မတောင်းပန်သေးတဲ့အပေါ် အံ့သြမိသလို၊ အားကစားသမားမပီသဘူးလို့လည်း ခံစားရကြောင်း” တရားလိုရှေ့နေက ပြောဆိုခဲ့ပါတယ်။  ကစားသမားဘက်ကတော့ သူတို့အမှားအယွင်းတစုံတရာ မရှိခဲ့ကြောင်းပြောဆိုထားပြီး ဒီပြဿနာကြောင့် မက်ဂွိုင်းယားဟာ အင်္ဂလန်အသင်းလူစာရင်းကနေလည်း ဖယ်ရှားခံခဲ့ပါတယ်။

//
More News
Up