Live
Home
မြန်မာသတင်း
ကိုဗစ်-၁၉ ထိန်းချုပ်ရေးဆောင်ရွက်နေစဉ် မနှောင့်ယှက်ရန် အေအေကို တပ်မတော်သတိပေး
DVB
·
August 27, 2020
လက်ရှိအချိန် ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါထိန်းချုပ် နိုင်ရေးအတွက် အရေးတကြီး လုပ်ဆောင်ရမယ့်အချိန်ဖြစ်တဲ့အတွက် အေအေအဖွဲ့က မနှောင့်ယှက်ဖို့ အရေးကြီးတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက သတိပေး ပြောကြားလိုက်ပါတယ်။ ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ မပြန့်ပွားအောင်ဆောင်ရွက်နေတဲ့အချိန်မှာ တပ်မတော်အနေနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်နဲ့ လမ်းပမ်းဆက်သွယ်မှုလုံခြုံရေးကို ဆောင်ရွက်နေတာကို အေအေအဖွဲ့အနေနဲ့ နှောင့်ယှက် လာခဲ့ရင်တပ်မတော်က တန်ပြန် လုံခြုံရေးအရဆောင်ရွက်ရ လိမ့်မယ်လို့လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။  တပ်မတော်အနေနဲ့ ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူတွေကို ထားရှိဖို့အတွက်  စစ်တွေမှာရှိတဲ့ အမှတ် ၈ စစ်မြေပြင်ဆေးတပ်ရင်းမှာ  ကုတင် ၄၀ နဲ့ အမှတ် ၁၇ တပ်မတော်ဆေးရုံ ကုတင် ၁၀၀ မှာ ကုတင် ၈၀ စုစုပေါင်း ကုတင် ၁၂၀ အဆင်သင့်ပြင်ဆင်ဆောင်ရွက်ပေးထား တယ်လို့လည်း ဆိုပါတယ်။  ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့  ကိုဗစ်-၁၉ အတည်ပြု  လူနာတွေ့ရှိမှု များပြားလာတဲ့အတွက် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် တပ်မတော်ဆေးကုသရေးအဖွဲ့နဲ့အတူ ဆေးဝါး၊  Oxygen Plant စက်ပစ္စည်း ၁ စုံ၊  ဆေး အထောက်အကူပြုစက်၊ ဆေးပစ္စည်း ၁၃၄ မျိုး၊ အသုံးအဆောင်ပစ္စည်းနဲ့ စားသောက်ကုန်မျိုးစုံကို မနေ့က တပ်မတော်လေယာဉ်နှစ်စီးနဲ့ ဒုတိယအကြိမ် ပို့ဆောင်ခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ထားပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ ဩဂုတ် ၁၆ ရက်ကနေ ဒီနေ့မနက်အထိ ကိုဗစ်-၁၉ လူနာ ၁၈၄ ဦး တွေ့ရှိထားပြီး ရခိုင်ပြည်နယ်တခုလုံးမှာ  ဒီကနေ့မနက်စတင်ပြီး    Stay at Home အစီအစဉ်လိုက်နာကြဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။  

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024