A d v e r t i s e m e n t With Us

ရခိုင်တပြည်နယ်လုံးကို Stay at Home  အမိန့်ထုတ်ပြန်  

ရခိုင်ပြည်နယ်ထဲက မြို့နယ်အားလုံး   Stay at Home အစီအစဉ်မှာ အကျုံးဝင်တဲ့ အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ ဩဂုတ် ၂၆ ရက်နေ့စွဲနဲ့ အမိန့်ထုတ်ပြန်ပါတယ်။ ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာဦးရေ အချိန်တိုအတွင်း တိုးတက်များပြားလာတဲ့အတွက် ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ဖို့အတွက် ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှာနေထိုင်တဲ့ ပြည်သူတွေ မိမိတို့ရဲ့ နေအိမ်မှာ နေထိုင်ဖို့ လိုအပ်တယ်လို့ လည်းဆိုပါတယ်။  Stay at Home အမိန့်အရ အစိုးရဌာန၊ အဖွဲ့အစည်းနဲ့ ကုမ္ပဏီ၊ စက်ရုံ အလုပ်ရုံတွေမှာ လုပ်ကိုင်သူတွေကလွဲပြီး ကျန်သူတွေအိမ်မှာပဲနေကြဖို့၊ မဖြစ်မနေ ဈေးဝယ်ထွက်ဖို့အတွက် တအိမ်တယောက်ပဲ ထွက်ဖို့၊ ဆေးရုံ ဆေးခန်းကို တစ်အိမ် နှစ်ယောက်ပဲသွားဖို့၊ အပြင်ထွက်ရင် နှာခေါင်းစည်းတပ်ကြဖို့တွေ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ပြီးတော့ဈေးဝယ်ထွက်ရင် ယာဉ်ပေါ်မှာ ယာဉ်မောင်းနဲ့ နောက်တယောက်၊ ဆေးရုံဆေးခန်းသွားရင် ယာဉ်ပေါ်မှာ ယာဉ်မောင်းနဲ့ နောက် နှစ်ယောက်ထက် မပိုဖို့ စတာတွေကို ညွှန်ကြားထားပါတယ်။ ဒီအမိန့်ဟာ ဩဂုတ် ၂၇ ရက် မနက် ၆ နာရီစတင်သက်ရောက်မှာ ဖြစ်ပြီး အမိန့်လိုက်နာဖို့ ပျက်ကွက်ရင် တည်ဆဲဥပဒေတွေအရ အရေးယူမယ်လို့ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးရဲ့ လက်မှတ်နဲ့ ထုတ်ပြန်တဲ့ အမိန့်စာမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၂၀ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ကို Stay at Home အမိန့်စတင်ထုတ်ပြန်ခဲ့ပြီး  ဩဂုတ် ၂၅ ရက်မှာ ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ်နဲ့ သံတွဲမြို့နယ် ၄ မြို့နယ်ကို Stay at Home အမိန့် ထုတ်ပြန်ခဲ့ပါတယ်။  ရခိုင်ပြည်နယ်ထဲမှာ ဩဂုတ် ၁၆ ရက်ကနေ ဒီနေ့မနက် အထိ ကိုဗစ်-၁၉ လူနာ ၁၇၄ ဦး တွေ့ရှိခဲ့ပြီးနောက် ခုလို ပြည်နယ်တဝန်းလုံးမှာ  Stay at Home အစီအစဉ် ချမှတ်ဆောင်ရွက်တာလည်းဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up