ကိုဗစ်-၁၉ နှင့် တိုင်ဖွန်းမုန်တိုင်းကာကွယ်ရေး မြောက်ကိုရီးယားခေါင်းဆောင် တိုက်တွန်း

ကိုဗစ်-၁၉ ရောဂါကူးစက်မှုနဲ့ တိုင်ဖွန်းမုန်တိုင်းတွေကို ကာကွယ်ရေး အားထုတ်ကြဖို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက ဆော်သြလိုက်တယ်လို့ မြောက်ကိုရီးယား အစိုးရမီဒီယာ KCNA က သြဂုတ် ၂၆ ရက်မှာ ပြောပါတယ်။ လုပ်သားပါတီရဲ့ ပေါ်လစ်ဗျူရို အစည်းအဝေးကို သြဂုတ် ၂၅ ရက်မှာ ကျင်းပခဲ့တယ်လို့လည်း KCNA က ပြောပါတယ်။ နယ်စပ်ပိတ်ဆို့မှုတွေနဲ့ ရေလွှမ်းမိုးမှုကြောင့်ဖြစ်တဲ့ အပျက်အစီးတွေကြားမှာ ကိုဗစ်-၁၉ ကူးစက်ကပ်ဘေးကပါ ဖိစီးနေလို့ မြောက်ကိုရီးယား စီးပွားရေးအပေါ် ဖိအားတွေ ပုံကျနေချိန် ဒီအစည်းအဝေးကို ကျင်းပတာလည်း ဖြစ်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ ပါးစပ်၊ နှာခေါင်းစည်း မဝတ်ထားဘဲ အစည်းအဝေးကို တက်ရောက် သဘာပတိအဖြစ် ဆောင်ရွက်နေရင်း အရာရှိတွေနဲ့အတူ ရယ်မောနေတဲ့ ပုံတွေ၊ ဆွေးနွေးချက်တွေကို အတည်ပြုဖို့ လက်မြှောက်ထားပုံတွေကို အစိုးရ ရုပ်သံ KRT က ဗုဒ္ဓဟူးနေ့မှာ ထုတ်လွှင့်ပြသပါတယ်။ ဆိုးဆိုးရွားရွား အန္တရာယ်ပေးနိုင်တဲ့ ဗိုင်းရပ်စ်ရဲ့ ကူးစက်မှုကို စစ်ဆေးဖို့ ကူးစက်မှု တိုက်ဖျက်ရေး အရေးပေါ်လုပ်ငန်းတွေထဲမှာ ချို့ယွင်းချက်တချို့ ရှိနေတာကို အစည်းအဝေးအတွင်း ချင့်ချိန် အကဲဖြတ်ပြောဆိုခဲ့ပါတယ်။ လာမယ့်ရက်တွေအတွင်း မြောက်ကိုရီးယားကို ဝင်ရောက်တိုက်ခတ်မယ့် တိုင်ဖွန်းမုန်တိုင်း ဘာဗီကြောင့် သေဆုံး ဒဏ်ရာရသူတွေနဲ့ ကောက်ပဲသီးနှံ ထိခိုက်ပျက်စီးမှု ဟန့်တားရေး အရေးပေါ် လုပ်ဆောင်ချက်တွေကိုလည်း အစည်းအဝေးအတွင်းမှာ ဆွေးနွေးခဲ့တယ်လို့ KCNA သတင်းဌာနက ပြောပါတယ်။ အထီးကျန် မြောက်ကိုရီးယားနိုင်ငံထဲမှာ မိုးကြီး ရေကြီးမှုကြောင့် စားနပ်ရိက္ခာ ဖြန့်ဖြူးရေးနဲ့ ပတ်သက်ပြီး စိုးရိမ်စိတ်တွေလည်း မြင့်နေကြပါတယ်။ နိုင်ငံတွင်း စီးပွားရေးနဲ့ လူနေမှုအဆင့်အတန်းတို့ တိုးတက်မှု နှေးကွေးနေတယ်လို့ အစည်းအဝေးက ဆုံးဖြတ်ပါတယ်။ ဒါကြောင့် ငါးနှစ်စီမံကိန်း အသစ်အတွက် ဆုံးဖြတ်ဖို့ လာမယ့်နှစ်မှာ လွှတ်တော် ခေါ်မယ်လို့ မြောက်ကိုရီးယား လက်ရှိ အာဏာရပါတီက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up