နှစ်ပေါင်း ၁,၀၀၀ ကျော်ကရွှေဒင်္ဂါးများ အစ္စရေးလူငယ်များ တူးဖော်တွေ့ရှိ

လွန်ခဲ့တဲ့နှစ်ပေါင်း ၁,၀၀၀ ကျော်က ရေယာဉ်တစီးထဲမှာ ဝှက်ထားတဲ့ ရာချီတဲ့ ရွှေဒင်္ဂါးတွေကို အစ္စရေး လူငယ်တွေက တူးဖော်တွေ့ရှိခဲ့တယ်လို့ အစ္စရေး ရှေးဟောင်းပစ္စည်းအာဏာပိုင်အဖွဲ့ IAA က သြဂုတ် ၂၄ ရက်မှာ ပြောပါတယ်။
အစ္စရေးအလယ်ပိုင်းက ရပ်ကွက်အသစ် ဆောက်ဖို့ စီစဉ်နေတဲ့နေရာမှာ ဆယ်ကျော်သက်တွေ မြေတူးလုပ်အားပေးနေတုန်း သြဂုတ် ၁၈ ရက်မှာ ရှာတွေ့ခဲ့တာလို့ IAA က ပြောပါတယ်။
“ဒီရွှေဒင်္ဂါးပြားတွေက တကယ်တော့ အဲဒီအချိန်က ဒီဒေသမှာ နိုင်ငံတကာကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး ကျနော်တို့ကို အများကြီးပြသွားတာပဲ။ ရွှေဒင်္ဂါးကို သုံးမှု တဖြည်းဖြည်း လျော့သွားတဲ့ ဥရောပ စီးပွားရေးနဲ့ မတူဘဲ ဒီမှာ စီးပွားရေး ဘယ်လောက် တိုးတက် ကြွယ်ဝလဲ ဆိုတာ ပြနေတယ်”လို့ IAA ရဲ့ အရာရှိ တယောက်က ပြောပါတယ်။
“လွန်ခဲ့တဲ့နှစ်ပေါင်း ၁၁၀၀ က ဒီရွှေတွေကို မြှုပ်သွားတဲ့လူက နောင်တချိန် ရွှေတွေကို ပြန်ယူဖို့ မျှော်လင့်ထားခဲ့ရမယ်။ သူဟာ သူ့ရေယာဉ်နေရာ မရွေ့ရအောင် သံနဲ့ သေချာ ရိုက်သွားခဲ့သေးတယ်။ ဘာလို့ ပြန်လာမယူနိုင်လဲ ဆိုတာကိုပဲ ရှေးဟောင်းသုတေသီတွေက မှန်းဆနိုင်မယ်”လို့ IAA က ကြေညာချက်မှာ ပြောပါတယ်။
ရှာတွေ့တဲ့နေရာဟာ ရှေးခေတ်အလုပ်ရုံတွေ ရှိရာနေရာဖြစ်ပြီး ပိုင်ရှင် ဘယ်သူဆိုတာ ခုထိ မသိသေးဘူးလို့လည်း ပြောပါတယ်။
၉ ရာစုခေတ်က သွန်းလုပ်ထားတဲ့ ၂၄ ကာရက် ရွှေစင် ရွှေဒင်္ဂါးပြား ၄၂၅ ပြားဟာ သိသိသာသာ များပြားတဲ့ တန်ကြေးရှိပြီး အီဂျစ်မြို့တော်က အကောင်းဆုံးရပ်ကွက်ထဲမှာ ဇိမ်ခံအိမ်တလုံး ဝယ်လို့ရတယ်လို့ ဒင်္ဂါးပြားပညာရှင် ဒေါက်တာ ရောဘတ်ကူးလ်က ပြောပါတယ်။