ဆိုးလ်မြို့တော်တွင် ဆန္ဒပြနေသည့် ဆရာဝန်များ လုပ်ငန်းခွင်ပြန်ဝင်ရန် အစိုးရ အမိန့်ထုတ်

764
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်မှာ ဆန္ဒပြနေတဲ့ ဆရာဝန်တွေကို လုပ်ငန်းခွင် ပြန်ဝင်ကြဖို့ အစိုးရက သြဂုတ် ၂၆ ရက်မှာ အမိန့်ထုတ်လိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်လို ကျန်းမာရေး အကျပ်အတည်းကာလကို ကိုင်တွယ်ဖြေရှင်းဖို့ ဆရာဝန် အရေအတွက် တိုးမြှင့်ရေးအပါအဝင် အစိုးရ အဆိုပြုချက် အတော်များများကိုတောင်းဆိုတဲ့ ၃ ရက်ကြာ ဆန္ဒပြပွဲကို ဆရာဝန်တွေက စတင်ခဲ့တာပါ။
အရပ်သားတွေရဲ့ အသက်၊ ဘေးကင်းမှုအန္တရာယ်မကျအောင် လုပ်ဖို့နဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်ဖို့ လိုအပ်တဲ့ဥပဒေအရ အရေးယူမှုတွေကို လုပ်ဖို့ကလွဲလို့ အစိုးရမှာ တခြားရွေးစရာ မရှိတော့ဘူးလို့ ကျန်းမာရေးဝန်ကြီး ပတ်ခ်နောင်းဟူးက သြဂုတ် ၂၆ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဗုဒ္ဓဟူးနေ့မှာစတဲ့ ၃ ရက်ကြာ ဆန္ဒပြပွဲကို ထောင်ချီတဲ့ ဆရာဝန်တွေအပြင် အလုပ်သင် ဆရာဝန်တွေပါ ပူးပေါင်းခဲ့ပါတယ်။
တောင်ကိုရီးယားမှာ သြဂုတ် ၂၅ ရက်က ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ကူးစက်ခံ လူနာသစ် အယောက် ၃၂၀ ထိ စံချိန်တင် လူဦးရေတိုးနေချိန်မှာ ဆရာဝန်တွေရဲ့ ချီတက်ဆန္ဒပြပွဲ ပေါ်ပေါက်ခဲ့တာပါ။
ဆန္ဒပြပွဲကြောင့် နိုင်ငံတွင်း အဓိကအထွေထွေရောဂါကုဆေးရုံကြီး ၅ ရုံမှာ အလုပ်ချိန် ကန့်သတ်ခဲ့ရပြီး ခွဲစိတ်မယ့် အစီအစဉ်တွေကိုလည်း ရွှေ့ဆိုင်းခဲ့ရတယ်လို့ ယုံဟပ်သတင်းဌာနက ထုတ်ပြန်ပါတယ်။
ဒီအပတ်အစောပိုင်းမှာ အစိုးရနဲ့ ဆရာဝန်တွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ လူနာတွေကို ဆက်လက်ကိုင်တွယ်ရေး သဘောတူညီချက် ရခဲ့ပေမယ့် ပိုကျယ်ပြန့်တဲ့ကိစ္စတွေကို ညှိနှိုင်းလို့ မရခဲ့ပါဘူး။