ကယားပြည်နယ်တွင် စာသင်ကျောင်းများအားလုံး ယာယီ ပြန်ပိတ်မည်
နော်နိုရင်း
·
August 26, 2020
ကယားပြည်နယ်အတွင်း ဖွင့်လှစ်ထားတဲ့ အခြေခံပညာ စာသင်ကျောင်းတွေအားလုံးကို မနက်ဖြန် ဩဂုတ်လ ၂၇ ရက်နေ့ကစပြီး ယာယီပိတ်ထားဖို့ သက်ဆိုင်ရာက ညွှန်ကြားထားပါတယ်။
ဗဟိုက တယ်လီဖုန်းနဲ့ညွှန်ကြားလာလို့ မြို့နယ်တွေကို ပြန်လည်ညွှန်ကြားထားတယ်လို့ ကယားပြည်နယ် ပညာရေးမှူး ဦးလူစီယားနိုက ဒီဗွီဘီကို ပြောပါတယ်။
“အဲဒါကျနော်တို့ရုံးချုပ်ကနေပြီးတော့ ဖုန်းနဲ့လှမ်းသတင်းပေးတာပေါ့နော်။ လက်ရှိဖွင့်ထားတဲ့ ကျောင်းတွေကို ယာယီပြန်ပိတ်ဖို့အကြောင်းကြားလို့ ၂၇ ရက် မနက်ဖြန်ကစ ပြီးတော့မှ ယာယီပြန်ပိတ်ထား ပေးပါလို့ အကြောင်းကြားလို့လေ။ အဲတော့ကျနော်တို့ သက်ဆိုင်ရာ မြို့နယ်တို့ ခရိုင်တို့ကို အကြောင်းကြား ထားပြီးပါပြီ။ ”
ဘာကြောင့် ဒီလိုယာယီပြန်ပိတ်ခိုင်းထားလဲဆိုတဲ့အကြောင်းပြချက်အသေးစိတ်ကိုတော့ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။
“အဲဒါကတော့ သူတို့လည်း အသေးစိတ်မပြောသေးဘူးပေါ့နော်။ လောလောဆယ် ဖုန်းနဲ့ပဲ ကျောင်းကို ယာယီပြန်ပိတ်လိုက်ပါဦးဆိုပြီးတော့မှ ကျောင်းတွေ အကြောင်းကြားပေးပါဆိုတော့ ကျနော်တို့က အကြောင်းကြားပေးတာ။ ဘာကြောင့်လဲဆိုတာကတော့ သူတို့လည်းစာပါလာမှပဲ ကျနော်တို့သိမှာပေါ့နော်။ ”
လွိုင်ကော်မြို့နယ်က အ.ထ.က (၁) ကျောင်းအုပ်ဆရာ ဦးအောင်ဇော်ဦးကလည်း ဖုန်းနဲ့ ညွှန်ကြားချက်ရရှိလို့ ကျောင်းကို ပိတ်ထားလိုက်ပြီလို့ ပြောပါတယ်။
“ဖုန်းနဲ့ဆက်သွယ်ပါတယ်။ ပြည်နယ်ရုံးကလေ။ ပိတ်ထားပေးပါပေါ့နော်။ ကျနော်တို့လည်း ချက်ချင်းကျောင်းတွေကို လှမ်းချိတ်ပြီးမှ ပိတ်ခိုင်းထားတယ်။ အခြေအနေက ဘာမှန်းမသိဘူးလေ။”
ကယားပြည်နယ်မှာ ဇွန်လိုင် ၂၁ ရက်နေ့က အခြေခံပညာအထက်တန်းကျောင်း ၁၈ ကျောင်း စတင်ဖွင့်လှစ်ခဲ့ပြီး ကျန်တဲ့ ကျောင်းတွေကတော့ အခု ဩဂုတ် ၈ ရက်နေ့လောက်မှ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ကယားပြည်နယ်မှာ အခြေခံပညာကျောင်းပေါင်း ၅၅ ကျောင်းနဲ့ ကိုယ်ပိုင်ကျောင်း ၆ ကျောင်း စုစုပေါင်း ၆၁ ကျောင်းရှိပါတယ်။