Home
မြန်မာသတင်း
မူဆယ်မြို့တွင် အမျိုးသမီး ၁ ဦး ပစ်သတ်ခံရ 
နန်းမြနဒီ
·
August 26, 2020
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ထဲမှာ မနေ့ညနေပိုင်းက အမျိုးသမီး ၁ ဦး သူ့နေအိမ်မှာဘဲ သေနတ်ပစ်ခံရပြီး သေဆုံးသွားပါတယ်။ မူဆယ်မြို့ ခရစ်ယာန်ရပ်ကွက် အိမ်အမှတ် ခ/၂၇၂ နေ အသက် ၅၈ နှစ်ရွယ် တရုတ်အမျိုး သမီး ၁ ဦးဟာ အိမ်မှာရှိနေစဉ် ဆိုင်ကယ်စီး လူ ၂ ယောက်က လာရောက်ပစ်ခတ်သွားတာလို့  မူဆယ်မြို့ ကရုဏာလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးသောင်းထွန်းက  ပြောပါတယ်။  “စီစီတီဗွီမှတ်တမ်းအရ မနေ့ ညနေ ၆ နာရီကျော်လောက်က လူ နှစ်ယောက် ဆိုင်ကယ်စီးပြီး လာပစ်သွားတာတွေ့ရပါတယ်။ သေနတ်နဲ့ ၃ ချက်ပစ်တယ်။ ဒါပေမဲ့ သူတို့ နှစ်ယောက်လုံး နှာခေါင်းစည်းတပ်ပြီး ဦးထုပ်ဆောင်းထားတော့ ဘယ်သူဘယ်ဝါဆိုတာ ခန့်မှန်းလို့မရပါဘူးခင်ဗျ။ သေဆုံးသွားတဲ့ အမျိုးသမီးအလောင်းကိုတော့ သူတို့ရပ်ကွက်ထဲကလူတွေကဘဲ ဆေးရုံကို သယ်သွားတယ်။ အသုဘ  ဒီကနေ့ချမယ်လို့လည်း သိရပါတယ်။” မူဆယ်မြို့နယ် ပြည်နယ်လွှတ်တော်အမတ် စိုင်းကျော်သိန်းကလည်း သေဆုံးသူမှာ လင်ရောမယားပါ မြန်မာပြည်ဖွား တရုတ်လူမျိုးဖြစ်ကြောင်း၊ သူတို့ဟာ အိမ်ခြံမြေအရောင်းအဝယ် လုပ်တယ်လို့ ဆိုပေမဲ့ သူမရဲ့ ခင်ပွန်းကတော့ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က မူးယစ်မှုနဲ့ အဖမ်းခံ ထားရပြီး လက်ရှိထောင်ကျနေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။  “သေနတ်သံကြားတော့ အနီးနားက အပြင်မထွက်ရဲကြဘူးတဲ့ခင်ဗျ။ အစက အဲဒီအိမ်မှာ သူတို့လင်မယားပဲနေတယ်။ သားသမီးတွေရှိပေမယ့် အိမ်ခွဲသွားကြပြီ၊  သူတို့ဖာသူတို့ အေးဆေး နေပြီး ပတ်ဝန်းကျင်နဲ့ သိပ်အရောတဝင်မရှိဘူး။ သူ့မိန်းမမပစ်ခံရတော့ အဖိုးကြီးက မူးယစ်မှုနဲ့ ထောင်ထဲမှာ။”လို့  ပြည်နယ်လွှတ်တော်အမတ် စိုင်းကျော်သိန်းက ပြောပါတယ်။ သေနတ်သမားတွေကို ဖမ်းဆီးရမိဖို့ မူဆယ်ရဲတပ်ဖွဲ့က ရှာဖွေစစ်ဆေးနေပြီး ဒီအမှုကိစ္စနဲ့ ပတ်သက်လို့  မူဆယ်ရဲစခန်းကိုတော့ ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024