A d v e r t i s e m e n t With Us

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဒုတိယလှိုင်းစပြီဟု ဒေါက်တာခင်ခင်ကြီးပြော 

ပြည်တွင်းကူးစက်လူနာတွေ ပြန်လည်တွေ့ရှိတဲ့ ဩဂုတ် ၁၆ ရက်ကစပြီး ဒီကနေ့ အထိ ၁၀ ရက်အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ  ၂၀၀  ဦးရှိခဲ့တာကြောင့်  ပြည်တွင်းကူးစက်မှု တရှိန်ထိုးမြင့်တက်လာတဲ့အတွက် မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉  ဒုတိယလှိုင်း စတင်ပြီလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဒီဗွီဘီကို ပြောပါတယ်။ ဒီကနေ့ မနက်ပိုင်းကကြေညာခဲ့တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် ၇၀ ဦးထဲမှာ ရခိုင်ပြည်နယ်က ၆၉ ဦးပါဝင်ပြီးတော့ ရန်ကုန်တိုင်းဒေသကြီးက ၁  ဦးပါဝင်တယ်လို့ ဆိုပါတယ်။ တစ်ရက်အတွင်းစစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာ စုစု​ပေါင်း ၂၃၀၀ အနက်  ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၀၀ ဦးတွေ့ရှိခဲ့တဲ့အတွက် ဒီလူနာအရေအတွက်ဟာ မြန်မာနိုင်ငံမှာ စံချိန်တင် ပိုးတွေ့ရှိတာဖြစ်ပါတယ်။ လူနာသစ် ၁၀၀ ဦးထဲမှာ ရခိုင်ပြည်နယ်က  ၉၄ ဦးပါဝင်ပြီးတော့ ကျန်တဲ့လူနာတွေကတော့ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့‌ မွန်ပြည်နယ်က ဖြစ်ပါတယ်။  ရခိုင်ပြည်နယ်က အတည်ပြုလူနာတွေထဲမှာ ၇၅  ရာခိုင်နှုန်းက ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး  လက္ခဏာတွေမတွေ့ရဘဲ ကူးစက်ခံရသူတွေဖြစ်တယ်လို့ ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။ မြန်မာနိုင်ငံမှာ ဒီကနေ့ မနက် ၈ နာရီအချိန်ထိ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ပေါင်း ၅၇၄ ဦး၊  သေဆုံးသူ ၆ ဦး၊  နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း ၃၄၁ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၃၃၉ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၃၂ ဦးရှိတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန် ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up