Home
အနုပညာ
နေတိုးနှင့် အနုပညာရှင်များ ပါဝင်ဖျော်ဖြေကြမည့် နှင်းဆီ Unplugged ရှိုးပွဲ ကျင်းပမည်(ရုပ်သံ)
DVB
·
August 26, 2020
ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသား နေတိုးနဲ့ အနုပညာရှင်တွေ ပါဝင်ဖျော်ဖြေကြမယ့် နှင်းဆီ Unplugged ရှိုးပွဲကို လာမယ့် စက်တင်ဘာလ ၇ ရက်နေ့မှာ ကျင်းပသွားဖို့ ရှိနေပါတယ်။ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) စီစဉ်ပြီး နာမည်ကြီး သရုပ်ဆောင် မင်းသား မင်းသမီးတွေ ပါဝင်တင်ဆက်တဲ့ နှင်းဆီအငြိမ့်အဖွဲ့ကို ၂၀၀၇ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး အခုနှစ်မှာတော့ ၁၄ နှစ်ပြည့် ဆင်စွယ်ရတုမြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်ဆိုရင်တော့ သရုပ်ဆောင်မင်းသား နေတိုး အပါအဝင် နာမည်ကြီး သရုပ်ဆောင် မင်းသားတွေ ဖြစ်ကြတဲ့ မင်းမော်ကွန်း၊ ကျော်ကျော်ဗို၊ ထွန်းထွန်း၊ ရဲလေးတို့ နှင်းဆီအဖွဲ့သားတွေနဲ့ သရုပ်ဆောင်မင်းသမီးတွေ ဖြစ်ကြတဲ့ ဖူးစုံ၊ မိုးယုစံ၊ မေကဗျာနဲ့ မိုးပြည့်ပြည့်မောင်တို့က အငြိမ့်မင်းသမီးတွေအနေနဲ့ ကပြဖျော်ဖြေမြဲဖြစ်ကာ အခုနှစ်မှာတော့ ကိုဗစ်-၁၉ ကြောင့် အွန်လိုင်းကတဆင့် တင်ဆက်ဖို့ ဖြစ်လာခဲ့တာပါ။ ပွဲစီစဉ်သူတယောက်ဖြစ်တဲ့ ကိုဝေမင်းမောင်ကတော့ ဒီအကြောင်းနဲ့ပတ်သက်ပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှတဆင့် ခုလိုရေးသားမျှဝေပြီး အသိပေးထားခဲ့တာ ဖြစ်ပါတယ်။ “တနှစ်မှ တပွဲသာ ပြုလုပ်သည့် နှင်းဆီဖျော်ဖြေပွဲလေးကို ဒီနှစ်မှာတော့ ကိုဗစ် ကာလကြောင့် အွန်လိုင်းမှသာ တင်ဆက်ပါတော့မည်။ ဒီတခါတော့ တေးသီချင်းများကိုသာ အဓိကထားသည့် နှင်းဆီ Unplugged Show ပွဲအနေဖြင့် ပျော်ပျော်ရွှင်ရွှင် ဖျော်ဖြေ တင်ဆက်ပေးသွားပါမည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်.. ဖျော်ဖြေပွဲကို #မာလာမြိုင်_စိုက်ပျိုးရေးလုပ်ငန်း မိသားစုမှ အဓိကကူညီ ပံ့ပိုးပေးသွားပါမည်” နေတိုးကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်ပေါ်ကတဆင့် လှုပ်ရှားမှုတွေကို အသိပေးနေပြီး ဒီကနေ့မှာတော့ ပုံလေးတပုံနဲ့အတူ “ပရိသတ်များအတွက် 💛💚💙💜🌹🌹🌹🌹🌹” လို့ ရေးသားပြီး မျှဝေထားခဲ့တာကို တွေ့ရပါတယ်။ လတ်တလောမှာတော့ ဒီပွဲအတွက် နှင်းဆီအဖွဲ့သားတွေက ကြိုတင်ပြင်ဆင်နေကြပြီ ဖြစ်ကာ ဒီပွဲကို Marlarmyaing Group ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၊ Myanmar Media 7 ဖေ့စ်ဘွတ်ခ်စာမျက်နှာနဲ့ Channel K ရုပ်သံလိုင်းတွေကတဆင့် စောင့်မျှော် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024