ထိုင်းဘုရင်ကို ဝေဖန်သည့် Facebook Group သစ်တွင် အဖွဲ့ဝင် ၅ သိန်းကျော်ရှိလာ

ထိုင်းဘုရင်ကို ဝေဖန်သူတယောက် ဖန်တီးထားတဲ့ ဖေ့စ်ဘွတ်လူမှုကွန်ရက်အုပ်စု အသစ်ထဲကို ထိုင်းလူမျိုး Facebook သုံးစွဲသူ ၅၀၀,၀၀၀ ကျော် ပူးပေါင်းပါဝင်ခဲ့တယ်လို့သိရပါတယ်။ အလားတူ လူမှုကွန်ရက်အုပ်စုတခုကို  ထိုင်းအစိုးရက ဖိအားပေးမှုကြောင့် Facebook က ပိတ်ချအပြီးမှာ နောက်ထပ် အုပ်စုအသစ်ကို ဖွင့်ခဲ့ကြတာပါ။ ဘုရင်စနစ်ကိုထောက်ခံသူတို့ရဲ့ဈေးကွက်လို့ နာမည်ပေးထားပြီး အဖွဲ့ဝင် အယောက် ၁ သန်းကျော်ရှိတဲ့ Facebook Group ကို ထိုင်းနိုင်ငံထဲမှာ သြဂုတ် ၂၄ ရက်က အပိတ်ခံခဲ့ရတာပါ။ ထိုင်းနိုင်ငံရဲ့ ကွန်ပျူတာ ရာဇဝတ်မှု အက်ဥပဒေအရ Facebook ကို ဥပဒေအရ အရေးယူမယ်လို့ ထိုင်းဒစ်ဂျစ်တယ်ဝန်ကြီးဌာနက ခြိမ်းခြောက်အပြီးမှာ Facebook က အဲဒီ ဂရုကို ပိတ်ပစ်ခဲ့တာပါ။ ထိုင်းဥပဒေကို လိုက်နာဖို့ အတင်းအကျပ် ဖိအားပေးခံခဲ့ရတယ်။ ဒါပေမဲ့ ထိုင်းအစိုးရကို တရားရေးအရ ရင်ဆိုင်သွားမယ်လို့ Facebook က ပြောပါတယ်။ ခုလို တောင်းဆိုချက်ဟာ ပြင်းထန်တယ်။ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေကို ချိုးဖောက်ရာ ရောက်တယ်။ လူတွေရဲ့ သူတို့ကိုယ်သူတို့ ထင်မြင်ယူဆနိုင်စွမ်းအပေါ်လည်း ကျောချမ်းစရာ အကျိုးသက်ရောက်မှု ရစေတယ်လို့ ဖေ့စ်ဘွတ်ရဲ့ ပြောခွင့်ရက ပြောပါတယ်။ တရားရေး စိန်ခေါ်မှု အသေးစိတ် အချက်အလက်ကို တောင်းခံပေမယ့် ဖေ့စ်ဘွတ်က မတုံ့ပြန်ခဲ့ပါဘူး။ စစ်အာဏာသိမ်းခေါင်းဆောင်ဟောင်း ဦးစီးတဲ့ အစိုးရကို ဆန့်ကျင်တဲ့၊ လူငယ်တွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေ နေ့စဉ်ရက်ဆက် ပေါ်ပေါက်နေပြီး ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲရေးကိုလည်း မကြုံစဖူး တောင်းဆိုနေကြပါတယ်။ ဘုရင်စနစ်ကို ဝေဖန်ရာမှာ ထင်ရှားတဲ့ ပညာရှင်လည်း ဖြစ်တဲ့ ပြည်ပြေး ပါဗင် ချာချာဗယ်ပေါင်ပွန်က သူ့ရဲ့ Facebook Group အပိတ်ခံရပြီးတဲ့နောက် အလားတူနာမည်နဲ့ အကောင့်သစ် ပြန်တည်ထောင်ပြီး တရက်အတွင်းမှာပဲ အဖွဲ့ဝင် ၅၀၀၀,၀၀၀ ကျော် ဝင်ရောက်လာတာပါ။ “ခင်ဗျားတို့ နောက်တကြိမ် ပိတ်ချင်ရင် နောက်ဂရုတခု ထပ်ထောင်မယ်။ လွတ်လပ်စွာ ထင်မြင်ယူဆခွင့်ကို တိုးမြှင့်ဖို့ ကျနော် ဒါကို ထပ်လုပ်မယ်”လို့ ပါဗင်ချာချာဗယ်ပေါင်ပွန်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။ ထိုင်းနိုင်ငံမှာ တော်ဝင်မိသားစုနဲ့ ဘုရင်စနစ်ကို  ဝေဖန်တာ မလုပ်ဖို့ တားမြစ် ပိတ်ပင်ထားပြီး လုပ်ခဲ့ရင် ထောင်ဒဏ် ၁၅ နှစ်ထိ ပြစ်ဒဏ်ကို ရင်ဆိုင်ရနိုင်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up