ချင်းတွင်းမြစ်အတွင်း ရေကူးပြိုင်ရာက လူငယ် ၁ ဦး ရေနစ်ပျောက်ဆုံးနေ
DVB
·
August 26, 2020
မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်မှာရှိတဲ့ ချင်းတွင်းမြစ်ကမ်း ဆယ်ပေါက်တွဲအနီးမှာ ဩဂုတ်လ ၂၅ ရက်က သူငယ်ချင်းနှစ်ယောက် ရေချိုးရင်း ရေကူးပြိုင်ကြရာကနေ တစ်ဦးမှာ ရေနစ် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
မြစ်အတွင်းပျောက်ဆုံးနေသူမှာ မြို့သစ်ရပ်ကွက်နေထိုင်သူ အသက် (၂၈) အရွယ် ကိုသိန်းဇော်ဝင်းဆိုသူဖြစ်ပြီး မုံရွာခရိုင်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ လူမှုအဖွဲ့စည်းတွေ ပူးပေါင်းပြီး ရှာဖွေနေပါတယ်။
ရှာဖွေကယ်ဆယ်ဆောင်ရွက်နေသူ ကိုအောင်မြင့်ကျော်က "အကြောင်းကြားလာမှ ရေဆင်း ငုပ်ပြီး ရှာသူကရှာ၊ ဝါးလုံးနဲ့ စမ်းသူကစမ်း အခုထိ ရှာမတွေ့သေးဘူး၊ ရေအောက်မှာက ကိုင်းပင်တွေလည်း ရှိတယ်။ မြစ်ရေကလဲတက်နေတာဆိုတော့ ရှာရတာ မလွယ်ဘူး။ သူငယ်ချင်းနှစ်ယောက် အရက်သောက်ပြီး ရေကူးပြိုင်ကြရင်း နစ်တာလို့ သိရတယ်" လို့ ပြောပါတယ်။
ချင်းတွင်းမြစ်အတွင်း အခုအခင်းဖြစ်ပွားတဲ့နေရာအနီးမှာ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့ကလည်း လူငယ် ၆ ဦးရေနစ်သေဆုံးခဲ့ပြီး ဩဂုတ်လ ၁၆ ရက်နေ့ကလည်း ဇက်ဆိပ်အနီးမှာ အမျိုးသားတစ်ဦး ရေနစ်ပျောက်ဆုံးလို့ ရှာဖွေမတွေ့ရသေးပါဘူး။
သတင်း- ရန်နိုင်စိုး