A d v e r t i s e m e n t With Us

ရခိုင်ပြည်နယ် ၄ မြို့နယ်တွင်  Stay at Home  အမိန့်ထုတ်ပြန်  

ရခိုင်ပြည်နယ်၊ ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ်နဲ့ သံတွဲမြို့နယ် ၄ မြို့နယ်ကို  Stay at Home အစီအစဉ်မှာ အကျုံးဝင်တဲ့ အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ ဩဂုတ် ၂၅ ရက်နေ့စွဲနဲ့ အမိန့်ထုတ်ပြန်ပါတယ်။ Stay at Home အမိန့်အရ အစိုးရဌာန၊ အဖွဲ့အစည်းနဲ့ ကုမ္ပဏီ၊ စက်ရုံ အလုပ်ရုံတွေမှာ လုပ်ကိုင်သူတွေကလွဲပြီး ကျန်သူတွေအိမ်မှာပဲနေကြဖို့၊ မဖြစ်မနေ ဈေးဝယ်ထွက်ဖို့ အတွက် တအိမ်တယောက်ပဲ ထွက်ဖို့၊ ဆေးရုံ ဆေးခန်းကို တစ်အိမ် နှစ်ယောက်ပဲ သွားဖို့၊ အပြင်ထွက်ရင် နှာခေါင်းစည်းတပ်ကြဖို့တွေ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ပြီးတော့ဈေးဝယ်ထွက်ရင် ယာဉ်ပေါ်မှာ ယာဉ်မောင်းနဲ့ နောက်တယောက်၊ ဆေးရုံဆေးခန်းသွားရင် ယာဉ်ပေါ်မှာ ယာဉ်မောင်းနဲ့ နောက် နှစ်ယောက်ထက် မပိုဖို့ စတာတွေကို ညွှန်ကြားထားပါတယ်။ ဒီအမိန့်ဟာ ဩဂုတ် ၂၆ ရက် မနက် ၆ နာရီစတင်သက်ရောက်မှာ ဖြစ်ပြီး အမိန့်လိုက်နာဖို့ ပျက်ကွက်ပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေအရ အရေးယူမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးရဲ့ လက်မှတ်နဲ့ ထုတ်ပြန်တဲ့ အမိန့်စာမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၂၀ ရက်ကလည်း ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ  Stay at Home အမိန့်ထုတ်ပြန်ကြေညာခဲ့ပြီး အခု ၄ မြို့နယ်ပါနဲ့ဆိုရင် ရခိုင်ပြည်နယ်မှာ Stay at Home သတ်မှတ်ထားတာ ၅ မြို့နယ်ရှိသွားပြီဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း ကိုဗစ်-၁၉ လူနာသစ် ၈၀ ကျော်တွေ့ရှိခဲ့ပြီးနောက် ခုလို Stay at Home အစီအစဉ်တွင် ချမှတ်ဆောင်ရွက်တာလည်းဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up