ရခိုင် ၂ ပါတီ ပူးပေါင်းရေး လက်မှတ်ရေးထိုး
DVB
·
June 17, 2013
ဒီကနေ့ ရန်ကုန် ကန်တော်ကြီး သင်္ကေတစားသောက်ဆိုင်မှာ ရခိုင် ၂ ပါတီ ပူးပေါင်းရေး နောက်ဆုံးအဆင့် လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးအေးသာအောင်က ဒီဗွီဘီကို ပြောပါတယ်။
ပါတီနာမည်ကို ရခိုင်အမျိုးသားပါတီလို့ နာမည်ပေးထားပြီး ပါတီသစ်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဆီ ဩဂုတ်လကုန် နောက်ဆုံးထားပြီး မှတ်ပုံတင်နိုင်အောင် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ပါတီသစ်မှာ ရခိုင်ပါတီတခုစီက ရွေးချယ်ပေးတဲ့ ပုဂ္ဂိုလ် ၁၅ ယောက်စီ ပါဝင်မှာဖြစ်ပြီး အဲဒီ အယောက် ၃၀ ဟာ ပါတီသစ်ရဲ့ ယာယီဗဟိုကော်မတီဝင်တွေ ဖြစ်လိမ့်မယ်လို့ သူက ပြောပါတယ်။
ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၀ ရွေးကောက်ပွဲအတွင်း ရခိုင်ပြည်နယ်မှာ အမတ်အများဆုံး အရွေးခံရတဲ့ပါတီဖြစ်ပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီကတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စုအဆင့် အမတ် ၁၆ ယောက်၊ တိုင်းနဲ့ ပြည်နယ်အဆင့် အမတ် ၁၉ ယောက် စုစုပေါင်း ၃၅ ယောက် ရွေးချယ်ခံထားရတဲ့ပါတီ ဖြစ်ပါတယ်။