Home
မြန်မာသတင်း
စွပ်စွဲပြစ်တင်မှု စစ်ဆေးခံရန် ကယားဝန်ကြီးချုပ်ကိုယ်တိုင်မလာရောက်ဘဲ ငြင်းဆန်   
နော်နိုရင်း
·
August 25, 2020
ကယားပြည်နယ်ဝန်ကြီးချုပ်အပေါ် စွပ်စွဲပြစ်တင်ထားတဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ဆေးဖို့ ဝန်ကြီးချုပ်ကို လွှတ်တော်ကခေါ်ယူရာမှာ ကိုယ်စားသာလာရောက်ခဲ့ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖျက်သိမ်းပေးဖို့ ဝန်ကြီးချုပ်က ကန့်ကွက်စာပို့ခဲ့ပါတယ်။  ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၅)၊ ပုဒ်မ ၂၆၃ (က) ပါ ပြဋ္ဌာန်းချက်တွေကို ဖောက်ဖျက်ကျုးလွန်ကြောင်း အရေးယူပေးဖို့ ကယားပြည်နယ် လွှတ်တော်ကိုယ်စားလှယ် လေးပုံတပုံက တင်ပြခဲ့ပါတယ်။ ဒီတင်ပြမှုနဲ့ပတ်သက်ပြီး  လွှတ်တော်က  စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခဲ့ပြီး ဒီကနေ့ ပြည်နယ်ဝန်ကြီးချုပ်ကို စစ်ဆေးဖို့ ဆင့်ခေါ်ခဲ့တာဖြစ်တယ်။ ဆင့်ခေါ်ထားရာမှာ ပြည်နယ်ဝန်ကြီးချုပ်က ကိုယ်တိုင်မလာဘဲ သူ့ရဲ့ ကိုယ်စား ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအံ့မော်လာရောက်ခဲ့ပါတယ်။ ကိုယ်စားလာရောက်သူကလည်း စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့မေးခွန်းကို မဖြေကြားခဲ့ဘူးလို့ လွှတ်တော်စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ဖရူဆိုမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ပြောပါတယ်။ “ဒီနေ့မှာ ဝန်ကြီးချုပ်ကို စုံစမ်းမေးမြန်းဖို့အတွက် ဆင့်ခေါ်တဲ့အခါမှာ သူကိုယ်တိုင်မလာနိုင်ဘူး။ ကိုယ်စားအနေနဲ့ သူလွှတ်လိုက်တယ်ပေါ့နော်။ ဒါကလည်း တရားဝင်ပါတယ်။ ဥပဒေလည်း အဲလိုခွင့်ပြုထား ပါတယ်။ သို့ပေမဲ့ သူလာပြီးမှ မေးမြန်းစုံစမ်းတဲ့အခါမှာ သူထွက်ဆိုတဲ့အခါမှာကျတော့ ကျနော်တို့ စုံစမ်းစစ်ဆေးရေးအဖွဲ့က လူမစုံလို့ သူမထွက်ဆိုပေးနိုင်ဘူးဆိုပြီးတော့မှ အဲလိုလာပြောသွားပြီးတော့မှ ပြန်သွားတာပေါ့။ ဝန်ကြီးချုပ်ကိုယ်စားလာတဲ့လူက။ သူအဲလိုလာတဲ့အခါမှာလည်း ဝန်ကြီးချုပ်က တရားဝင်လွှဲစာလည်းပေးထားတယ်။ အဲလို တရားဝင်လွှဲစာပေးထားတဲ့ လူတယောက်ကို ဒီနေရာမှာလာပြီးတော့မှ မထွက်ဆိုနိုင်ဘူး ဆိုပြီးမှ လာပြီးပြောတဲ့အခါကျတော့ ကျနော်တို့ ဘက်လည်းလည်း နည်းနည်း မေးခွန်းမေးစရာရှိတာပေါ့နော်။ ဒီလိုဖြစ်သွားတဲ့အပေါ်မှာ ကျနော်တိုတို့ဘက်ကတော့ ဘာမှ သိပ်ပြဿနာရှိပါဘူး။ ကျနော်တို့ လုပ်စရာရှိတာကိုတော့ ဆက်လုပ်သွားမှာပဲ။ ” လွှတ်တော်စုံစမ်းစစ်ဆေးရေးဖွဲ့က ဒီကနေ့ လူမစုံရတာကတော့ အဖွဲ့မှာပါဝင်တဲ့ တပ်မတော်သားကိုယ်စားလှယ်က အလုပ်ကိစ္စနဲ့ တခြားနေရာမှာ တာဝန်ထမ်းဆောင်ရတဲ့အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ကနေ နုတ်ထွက်သွားလို့ဖြစ်တယ်လို့  ဦးသဲရယ်က ပြောပါတယ်။ ဒါ့အပြင် ဒီစုံစမ်းစစ်ဆေးရေးအဖွဲ့က တရားမဝင်ကြောင်း ဖျက်သိမ်းပေးဖို့ လွှတ်တော် ဥက္ကဋ္ဌထံ ဝန်ကြီးချုပ်က  စာပို့ကန့်ကွက်ခဲ့တယ်လို့လည်း ပြောပါတယ်။ “လွှတ်တော်ဥက္ကဋ္ဌကို အကြောင်းကြားစာပို့တယ်ဆိုတဲ့ အခုနက ဒီစုံစမ်းစစ်ဆေးရေးအဖွဲ့က ဥပဒေနဲ့မညီဘူး၊ ပြန်ပြီးတော့မှ ဖျက်သိမ်းပေးပါဆိုပြီးတော့မှ လွှတ်တော်ဥက္ကဋ္ဌကို အကြောင်းကြား စာပေးပို့ထားတာပေါ့နော်။ ဥပဒေထဲမှာ ဒီလူတွေနဲ့ဖွဲ့ရမယ်။ ဒီလူတွေနဲ့ မဖွဲ့ရဘူးဆိုတဲ့ဟာ မပါရှိတဲ့အတွက် ဒါက ဥပဒေကို ချိုးဖောက်တာမဟုတ်ဘူးပေါ့နော်။ အခုလို ဥက္ကဋ္ဌကို အကြောင်းကြားစာပေးဖို့လာတာကလည်း တဘက်က ဥပဒေကိုလာရောက်ပြီးတော့မှ ချုပ်ချယ်တဲ့ သဘောမျိုးဖြစ်တယ်။ ဆိုတော့ ဒါတွေကလည်း ဥပဒေကို ချိုးဖောက်ရာရောက်တဲ့ သဘောမျိုးဖြစ်တာပေါ့နော်။ ”  ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုကို စစ်ဆေးနိုင်ဖို့ ဒီကနေ့ညနေ ၃ လောက်မှာ  ဒုတိယအကြိမ် ထပ်မံဆင့်ခေါ်ရာမှာလည်း ကိုယ်စားသာလာရောက်ပြီး   စစ်ဆေးမှုခံယူဖို့ ငြင်းဆိုခဲ့ပါတယ်။ ကယားပြည်နယ်လွှတ်တော်မှာ ကိုယ်စားလှယ် ၂၀  ဦးသာရှိပြီး တချို့ကိုယ်စားလှယ်တွေက အစိုးရအဖွဲ့မှာ ပါဝင်နေပါတယ်။ ဒါကြောင့် ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်မှုမှာ ပါဝင်တဲ့ကိုယ်စားလှယ်တချို့ကလည်း ဒီစုံစမ်းစစ်ဆေးရေးအဖွဲ့မှာ ပါဝင်နေတာ ရှိပါတယ်။ ကယားပြည်နယ်ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်ခြင်းနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဩဂုတ် ၁၄ ရက်နေ့က ဖွဲ့စည်းထားပြီး အဖွဲ့ရဲ့ ဥက္ကဋ္ဌအဖြစ် ဦးသဲရယ်နဲ့ အတွင်းရေးမှူးအဖြစ် ဦ ခင်မောင်ထွန်း(ခ)နော်အီးက နဲ့ အဖွဲ့ဝင် ၃ ဦး စုစုပေါင်း ၅ ဦးနဲ့ ဖွဲ့စည်းထားရာမှာ ကြံ့ခိုင်ရေးပါတီကကိုယ်စားလှယ်၊ တိုင်းရင်းသားပါတီက ကိုယ်စားလှယ်၊ အန်အယ်ဒီပါတီက ကိုယ်စားလှယ်နဲ့တပ်မတော်က ကိုယ်စားလှယ်တွေလည်း ပါဝင်ပါတယ်။ ပြီးခဲ့တဲ့ အစိုးရလက်ထက် ဝယ်ယူထားတဲ့ စက်ယန္တရားကြီး ၁၈ စီးကို အခု ပြည်နယ်အစိုးရက အငှားချပြီး သုံးစွဲနေသလို အများပြည်သူပိုင်မြေနေရာဖြစ်တဲ့ ကယားဒေးကွင်းအတွင်းရှိ ဟိုတယ်နဲ့ ရေလွှာလျှောစီးလုပ်ငန်းစီမံကိန်းကို ဖယ်ရှားပေးဖို့  လွှတ်တော်မှာ အဆိုတင်သွင်းမှု အောင်မြင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီမြေနေရာကို စည်ပင်ပိုင်မြေနေရာအဖြစ်ပြောင်းပြီး  ဝန်ကြီးချုပ်က မြေအငှားစာချုပ်တွေနဲ့ချကာ ကုမ္ပဏီတွေကို လုပ်ကိုင်ဆောင်ရွက်စေတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ် လေးပုံတပုံ က  ပြည်နယ်ဝန်ကြီးချုပ်ကို အရေးယူပေးဖို့ တင်ပြခဲ့တာ ဖြစ်ပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်က ဥပဒေနဲ့မညီကြောင်း ကန့်ကွက်မှုတွေ ရှိနေမယ့် စုံစမ်းစစ်ဆေးရေးအဖွဲ့ အနေနဲ့  လုပ်စရာရှိတာကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး ဩဂုတ် ၂၈ ရက် နောက်ဆုံးထားကာ အစီရင်ခံစာကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဆီ တင်သွင်းမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီစွပ်စွဲပြစ်တင်မှုနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်အနေနဲ့ အခြေခံဥပဒေပါပြဋ္ဌာန်းချက်ကို လိုက်နာဖို့ လွှတ်တော်ဥက္ကဋ္ဌက အကြောင်းပြန်ကြားထားပြီး   လာမယ့် စက်တင်ဘာ ၁ ရက်နေ့မှာ ကျင်းပမယ့်  ၁၈ ကြိမ်မြောက် ပြည်နယ်လွှတ်တော်အစည်းအဝေးက ဒီကိစ္စ အဆုံးအဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024