ကိုဗစ်-၁၉ လူနာအမှတ် ၄၆၄ သည် စစ်တွေမှ ရန်ကုန်ကို လေကြောင်းဖြင့် ပြန်လာသူဖြစ်
DVB
·
August 25, 2020
ရန်ကုန်မြို့ ကမာရွတ်မြို့နယ်မှာနေထိုင်ပြီး လှိုင်ကွာရန်တင်းစင်တာမှာ အသွားအလာ ကန့်သတ်ထားရှိစဉ် ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့တဲ့ အတည်ပြုလူနာနံပါတ် ၄၆၄ ဟာ စစ်တွေဇာတိ အတည်ပြုလူနာ ၄၆၅ နဲ့အတူ စစ်တွေ-ရန်ကုန်လေယာဉ်နဲ့ သြဂုတ် ၂၀ ရက်က ရောက်ရှိခဲ့တယ်လို့ ကျန်းမာရေးဌာနက သိရပါတယ်။
အတည်ပြုလူနာ ၄၆၄ နဲ့ ၄၆၅ တို့ဟာ လေဆိပ်ကနေ ပြန်လာတာနဲ့ချက်ခြင်း လှိုင်ကွာရန်တင်းစင်တာအမှတ် (၁)မှာ အသွားအလာကန့်သတ်နေထိုင်ခဲ့ တာဖြစ်တယ်လို့ ဆိုပါတယ်။
“၄၆၄ နဲ့ ၄၆၅ တို့က စစ်တွေကနေ တူတူပြန်လာတာပါ။ တစ်ယောက်က စစ်တွေဇာတိ တစ်ယောက်ကတော့ ရန်ကုန်ကနေ ၇ လပိုင်းတုန်းကစစ်တွေကိုသွားတာ သွားပြီးတော့မှသူတို့က လေယာဉ်နဲ့ပြန်လာတာပါ။ ရောက်တာနဲ့လေဆိပ်ကနေ လှိုင်ကွာရန်တင်းကို တန်းပို့တာပါ။ လောလောဆယ်တော့ လူနာတွေကို အသိပေးဆွေးနွေးပြီးပြီ ဆေးကုသတာခံယူမယ့် ဝေဘာဂီ ဆေးရုံက လာခေါ်ဖို့ဆောင့်နေပါတယ်"လို့ ကျန်းမာရေးဌာနက တာဝန်ရှိသူကပြောပါတယ်။
အဆိုပါပုဂ္ဂိုလ် ၂ ဦးနဲ့အတူ ရန်ကုန်ကို လေကြောင်းလိုင်းကနေပြန်လာသူ ၆၄ ဦးနဲ့ ကုန်လမ်းခရီးနဲ့လာသူ ၁၂၆ ဦး စုစုပေါင်းအရေအတွက် ၁၉၀ ကို သြဂုတ်လ ၂၃ ရက်မှာ နှာခေါင်းတို့ဖတ် ဓာတ်ခွဲနမူနာရယူစစ်ဆေးခဲ့ရာမှာ သူတို့ ၂ ဦးမှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကူးစက်ထားတာ တွေ့ရှိခဲ့တာပါ။
သတင်း - မေစု