စက်တင်ဘာလကုန်အထိ စစ်ရေးလှုပ်ရှားမှုရပ်ဆိုင်းကြောင်း တပ်မတော်ကြေညာ
DVB
·
August 25, 2020
အကြမ်းဖက်အဖွဲ့အစည်းတွေရှိတဲ့ နေရာတွေကလွဲပြီး ကျန်နယ်မြေတွေမှာ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁ ရက်မှ ၃၀ ရက်အထိ တိုးမြှင့်ရပ်ဆိုင်းပေးသွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဩဂုတ် ၂၄ ရက်မှာ ကြေညာပါတယ်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေ ပိုမိုထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးမှာ သဘောတူလက်မှတ်ရေးထိုးခဲ့တဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)ကို ဖော်ဆောင်ရာမှာ ထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ခုလို အပစ်ရပ်ကာလ ထပ်တိုးလိုက်တာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေ ပိုမိုထိရောက်လျင်မြန်ကျယ်ပြန့်စွာဆောင်ရွက်နိုင်ဖို့နဲ့ ထာ၀ရငြိမ်းချမ်းရေးအတွက် တပ်မတော်အနေနဲ့ ၂၀၂၀ မေလ ၁၀ ရက်မှ ဩဂုတ် ၃၁ ရက်အထိ ကြေညာထားတာကို နောက်ထပ် တစ်လ ထပ်တိုးလိုက်တာဖြစ်ပါတယ်။
ကမ္ဘာအနှံ့ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါနဲ့ ရင်ဆိုင်နေရချိန်မှာ ကမ္ဘာတစ်ဝန်း လက်နက်ကိုင်ပဋိပက္ခတွေ ရပ်တန့်ပေးကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီရိုဂူတာရပ်စ်က ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်မှာ တိုက်တွန်းပြောကြားထားပါတယ်။
ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း လူသားချင်းစာနာမှု အကူအညီတွေပေးနိုင်ဖို့ လက်နက်ကိုင်ပဋိပက္ခမှာ သက်ဆိုင်သူတွေအားလုံး အနည်းဆုံးရက် ၉၀ ကြာ အပစ်အခတ်ရပ်စဲဖို့နဲ့ ကိုဗစ်-၁၉ ရောဂါတုံ့ပြန်ရေး အကူအညီပေးရန် အပါအဝင်ဆုံးဖြတ်ချက်တစ်ရပ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့က ချမှတ်ထားပါတယ်။
အခုလိုအပစ်ရပ်စဲရေးကြေညာထားတဲ့ကာလအတွင်း ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေလက်နက်ကိုင်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေကတော့ ရပ်သွားတာမရှိဘဲ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။