ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ရေး ဒေါ်အောင်ဆန်းစုကြည်နှင့် ရှမ်းတပ်ဆွေးနွေး
ရွှေအောင်
·
June 17, 2013
မြန်မာပြည်ပြုပြင်ပြောင်းလဲရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တိုင်းရင်းသားတွေ ဘယ်အခန်းကဏ္ဍက ပါဝင်လုပ်ကိုင်သင့်သလဲ ဆိုတဲ့အချက်အပါအ၀င် အချက် ၃ ချက်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့ကြတယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (အာရ်စီအက်စ်အက်စ်/ အက်စ်အက်စ်အေ) အဖွဲ့က ပြောပါတယ်။
မြန်မာပြည်ကို ရောက်ရှိနေတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်နဲ့အဖွဲ့ဟာ ဇွန် ၁၅ ရက်က ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြတာလို့ အဖွဲ့မှာလိုက်ပါသွားတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီဝင် စိုင်းမင်းက ပြောပါတယ်။
“ကျနော်တို့ အချက် ၃ ချက်နဲ့ တင်ပြဆွေးနွေးတာ ရှိပါတယ်။ တစ်အချက်က ရှေ့လျှောက်နိုင်ငံရေး ပြောင်းလဲရေးမှာ ငြိမ်းချမ်းရေးဖော်ဆောင်ရေးမှာ တိုင်းရင်းသား အခန်းကဏ္ဍ ဘယ်လိုပါဝင်သင့်တယ်၊ ဘယ်လို လက်တွဲပူးပေါင်းဆောင်ရွက်သင့်တယ်ဆိုတဲ့အချက်ရယ်၊ ပြီးတော့ တိုင်းရင်းသားအရေးနဲ့ ပြုပြင်ပြောင်းလဲတဲ့ နိုင်ငံရေးအပေါ် အန်တီစုရဲ့သဘောထား၊ ပြည်ထောင်စုမြန်မာနိုင်ငံမှာ အကြီးဆုံးပြဿနာကြီးဖြစ်နေတဲ့ မူးယစ်ဆေးဝါးပြဿနာနဲ့ ပတ်သက်ပြီး တင်ပြဆွေးနွေးခဲ့တာရှိပါတယ်။”
ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ဆွေးနွေးခဲ့တာနဲ့ ပတ်သက်ပြီး စိုင်းမင်းက အခုလို ပြောပါတယ်။
“သူက နိုင်ငံရေးပြောင်းလဲတဲ့နေရာမှာ ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုရင် သူ့အနေနဲ့ ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်ကို တည်ဆောက်မယ်ဖို့အတွက်ဆိုပြီး ပြန်လည်ပြောကြားခဲ့ပါတယ်။ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ယုံကြည်မှုတွေ တည်ဆောက်ဖို့၊ စည်းလုံးညီညွတ်မှုတည်ဆောက်ဖို့ဆိုတာ အပြန်အလှန်တရားမျှတမှုအပေါ် အခြေခံရမယ်။ လမ်းပန်းဆက်သွယ်ရေးကိစ္စတွေကအစ ကျနော်တို့ ဖြေရှင်းရမယ်။ ဒါမှလည်း ၀င်ထွက်သွားလာနိုင်မယ်၊ ပိုမိုရင်းနှီးမယ်၊ ဒါမှလည်း ယုံကြည်မှု တည်ဆောက်နိုင်မယ်လို့ အမြင်သဘောထားပြောပါတယ်။ မူးယစ်ဆေးနဲ့ ပတ်သက်လို့တော့ ဒါဟာ နိုင်ငံတော်ရဲ့ ပြဿနာဖြစ်တဲ့အတွက် အဘက်ဘက်က ၀ိုင်းဝန်းဖြေရှင်းမှ အောင်မြင်မယ်ဆိုတဲ့ အမြင်သဘောထားလည်း ရှိပါတယ်။”
သူတို့အဖွဲ့ဟာ မန္တလေးမြို့ကို ခရီးဆက်နေပြီး မန္တလေးက ရှမ်းစာပေနဲ့ယဉ်ကျေးမှုအဖွဲ့တို့နဲ့ တွေ့ဆုံဆွေးနွေးကြဖို့ ရှိတယ်လို့လည်း ပြောပါတယ်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်နဲ့အဖွဲ့ဟာ ဇွန်လ ၁၀ ရက်က သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဒါ့အပြင် ခရီးစဉ်အတွင်း သမ္မတရုံး ပြည်ထောင်စုဝန်ကြီးဦးအောင်မင်း၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ ရှမ်းလူထုအခြေပြုအဖွဲ့တွေနဲ့လဲ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။