ရွှေဘိုတွင် စည်းကမ်းမလိုက်နာသည့်စားသောက်ဆိုင်များကို ပိတ်သိမ်းသည်အထိ အရေးယူမည်
DVB
·
August 24, 2020
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ကျန်းမာရေးဌာနက သတ်မှတ်ထားတဲ့စည်းကမ်းတွေ မလိုက်နာတဲ့ စားသောက်ဆိုင်တွေကို ပိတ်သိမ်းတဲ့အထိ အရေးယူသွားမယ်လို့ ရွှေဘိုမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
စည်းကမ်းလိုက်နာတာ အားနည်းနေတဲ့ စားသောက်ဆိုင်တွေကို ပထမအကြိမ် ခေါ်ယူ သတိပေးထားပြီး စည်းကမ်းဆက်လက် မလိုက်နာပါက ဒုတိယအဆင့်အနေနဲ့ ၃ ရက်၊ တစ်လအထိ ဆိုင်ပိတ်သိမ်းတဲ့ အဆင့်ဆင့်အရေးယူတာတွေ ဆက်တိုက်ပြုလုပ်သွားမှာဖြစ်ပြီး ဆက်လက် မလိုက်နာပါက အပြီးပိတ်သိမ်းတဲ့အထိ အရေးယူသွားမှာ ဖြစ်ပါတယ်။
ရွှေဘိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသောင်းဟိန်းက “ သုံးရက်အရေးယူပြီး ချမှတ် စည်းကမ်းနဲ့ အညီ ပြန်ရောင်းချရင် ပုံမှန်ရောင်းချခွင့်ရမယ်။ ဒါမှမဟုတ်ရင် တစ်လထပ်ပိတ်မယ်။ တစ်လပိတ်ပြီး ပြန်ဖွင့်လို့ စည်းကမ်းအတိုင်းရောင်းချရင် ပုံမှန်ရောင်းချခွင့်ပေးမယ်။ အဲလိုမှမဟုတ်ရင် ပိတ်သိမ်းတဲ့ အထိ အရေးယူမယ်”လို့ ပြောပါတယ်။
ကိုဗစ်ကာလအတွင်း ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားတဲ့အတိုင်း သတ်မှတ်ချက်တွေ၊ ညွှန်ကြားချက်တွေ၊ စစ်ဆေးတာတွေကို ဆက်တိုက်ပြုလုပ်သွားမှာဖြစ်ပြီး အခုလောလောဆယ် တစ်ဆိုင်စပြီးပိတ်မယ်၊ ခေါ်ယူသတိပေးထားပြီး မလိုက်နာတဲ့အတွက် အဲဒီဆိုင်ကို ၃ ရက်ပိတ်ခိုင်းမယ်လို့ ဦးသောင်းဟိန်းက ပြောပါတယ်။
ရွှေဘိုမြို့နယ်မှာ စားသောက်ဆိုင်ပေါင်း ၁၃၀ ရှိပြီး စည်းကမ်းလိုက်နာမှု အားနည်းတဲ့ ဆိုင် ၁၅ဆိုင်ရှိကာ ယာယီပိတ်သိမ်းရမယ့် ဆိုင် ၁ ဆိုင်ရှိတယ်လို့ စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူက ပြောပါတယ်။
သတင်း - ချိုသဲကြည်