မြန်မာနိုင်ငံ၌ ၃ လခန့်အတွင်း Mask မတပ်သူ ၂၉၀၀၀ ကျော်ကိုဒဏ်ရိုက်၊ ကျပ်သိန်း ၁၀၀၀ ကျော်ရရှိ

မြန်မာပြည်မှာ ကိုဗစ်-၁၉ ရောဂါကို မတ်လ ၂၃ ရက်နေ့က စတင်တွေ့ရှိပြီး ဧပြီလနဲ့ မေလတွေမှာ ကူးစက်မှုတွေထပ်တွေ့လာရပြီးတဲ့နောက် ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်းမတပ်ရင်ဒဏ်ရိုက်အရေးယူတဲ့အစီအစဉ်ကို ပြည်နယ်နဲ့တိုင်း ဒေသန္တရအစိုးရတွေက စတင်ကျင့်သုံးလာပါတယ်။
မေလ ဒုတိယပတ်ကစလို့ ကျင့်သုံးလာတဲ့ ဒီအစီအစဉ်အရ ၃ လ လောက်အတွင်း လူပေါင်း ၂၉၀၀၀ ကျော်ကို ဒဏ်ရိုက်အရေးယူခဲ့ရာ စုစုပေါင်းဒဏ်ငွေ ကျပ် သိန်း၁၀၀၀ကျော် ရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်က သိရပါတယ်။
စာရင်းတွေအရတော့ မေလဒုတိယပတ်ကစပြီး မေလကုန်အထိ လူပေါင်း ၁၃၂၈၇ ယောက်ကို ဒဏ်ငွေ ကျပ်သိန်း ၄၆၀ကျော် (၄၆၀၇၁၉၀၀ ကျပ်)၊ ဇွန်လ တစ်လတာအတွင်း လူပေါင်း ၁၁၃၂၁ ယောက်ကို ဒဏ်ငွေကျပ်သိန်း ၃၉၀ နီးပါး (၃၈၈၂၀၀၀၀ ကျပ်)၊ ဇူလိုင်လအတွင်း လူပေါင်း ၄၄၉၈ ယောက်ကို ဒဏ်ငွေကျပ် ၁၅၉ သိန်းကျော် (၁၅၉၃၅၀၀၀ ကျပ်)၊ သြဂုတ် ၁ ရက်က ၅ ရက်နေ့အထိ လူပေါင်း ၁၄၁ ယောက်ကို ဒဏ်ငွေကျပ် ၅၈၀၀၀၀ နဲ့ အရေးယူခဲ့ကြောင်း စာရင်းဇယားတွေအရသိရပါတယ်။
Mask မတပ်ရင် ဒဏ်ရိုက်မယ့်အစီအစဉ်ကို မေလ ဒုတိယပတ်လောက်စပြီး၊ တနင်္သာရီတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းအပြင် ကျန်တိုင်းနဲ့ပြည်နယ်တွေမှာ စတင်ခဲ့ပြီး စျေးတွေအပြင် အများပြည်သူသွားလာရာနေရာတွေမှာ နှာခေါင်းတပ်/မတပ် စစ်ဆေးပြီး ဒဏ်ရိုက်အရေးယူခဲ့တာ ဖြစ်ပါတယ်။