Any Questions? မွန်ပြည်နယ်အစီအစဉ်  

၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေကို ပထမအကြိမ် မဲပေးကြမယ့် လူငယ်တွေက သူတို့သိလိုသမျှတွေကို မေးမြန်းပြီး တာဝန်ရှိတဲ့သူတွေက ပြန်လည်ဖြေကြားပေးမယ့် Any Questions?  အစီအစဉ်ကို DVB TV ကနေ တင်ဆက်ပေးနေရာမှာ  ဒီတပတ်အတွက် ရွေးချယ်ထားတာကတော့ မွန်ပြည်နယ် ဖြစ်ပါတယ်။ မွန်ပြည်နယ်ကို ခရိုင်နှစ်ခု၊ မြို့နယ်ဆယ်ခု ကျေးရွာပေါင်း  ၁၁၅၂  ရွာနဲ့ ဖွဲ့စည်းထားပါတယ်။ လူဦးရေပေါင်း  ၂ ဒသမ ၁ သန်း နေထိုင်ပါတယ်။ မဲပေးနိုင်ခွင့်ရှိသူက ၂၀၁၉ ခုနှစ် ထုတ်ပြန်ချက်အရ ၁,၉၇၉,၃၃၀ ခန့်ရှိပါတယ်။ ပထမအကြိမ် မဲပေးနိုင်ခွင့်ရှိသူကတော့ ၂၁၂,၂၆၃  ဦးဖြစ်တယ်လို့ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ သိရပါတယ်။  မွန်ပြည်နယ်မှာ မွန်လူမျိုးစု၊ ကရင်၊ ဗမာ၊ ပအိုဝ်း၊ ရှမ်း လူမျိုးစုတို့ နေထိုင်ကြပါတယ်။ ၁၉၇၄ ခုနှစ်မတိုင်မီက တနင်္သာရီတိုင်း အမှတ် (၁) မှာ ပါခဲ့ပါတယ်။ ၁၉၇၄ ခုနှစ်ရောက်တော့ တနင်္သာရီတိုင်း အမှတ် (၁) ကို မွန်ပြည်နယ်အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ သထုံခရိုင်ဟာ တချိန်က မွန်ဘုရင်ထီးနန်း စိုက်ခဲ့ဖူးသလို သုဝဏ္ဏဘူမိအဖြစ် သမိုင်းမှာ ထင်ရှားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ တောင်ပိုင်းသာသနာ စတင်ပြန့်ပွားရာအရပ်အဖြစ်လည်း ထင်ရှားခဲ့ပါတယ်။ မုတ္တမမြို့ဟာ သထုံခရိုင်မှာ ပါဝင်ပြီး ဝါရီယိုရူမင်းဆက် တည်ထောင်ခဲ့တဲ့မြို့ ၊ မုတ္တမ မဏ္ဋလ လို့လည်း ခေါ်ခဲ့ပါတယ်။ မူလမွန်အမည်က မောတမော ဖြစ်ပါတယ်။ တချိန်က စူမားတြားရေလက်ကြားက တဆင့်ကမ္ဘာနဲ့ ဆက်သွယ်ကူးသန်းကုန်သွယ်ရာ ပင်လယ်ဆိပ်ကမ်းမြို့၊ မုတ္တမ စဉ့်အိုးဟာ ကမ္ဘာ့ကုန်သွယ်ရေးမှာ အရေးပါခဲ့သလို၊ အခုအချိန်အထိ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဂျာဗားနဲ့ ထိုင်းနိုင်ငံတို့က ပြတိုက်တွေမှာ မုတ္တမစဉ့်အိုးကို တွေ့နိုင်ပါတယ်။ ကျိုက်ထိုမြို့ဟာ သထုံခရိုင်မှာ ပါဝင်ပြီး ကျိုက်ထီးရိုးစေတီတော်ရှိတဲ့ နာမည်ကျော်တဲ့ မြို့တစ်မြို့ ဖြစ်ခဲ့ပါတယ်။ ဘီးလင်းမြို့ဟာ သထုံခရိုင်မှာ ပါဝင်ပြီး မွန်လို “ဝီလှီ” (ပီလမ်း) လို့ ခေါ်တယ်၊ မြစ်ဖြတ်သောမြို့လို့ အဓိပ္ပာယ်ရတယ်။ ပေါင်မြို့နယ်ကတော့ သထုံခရိုင်ထဲမှာ ပါတာပေါ့။  မော်လမြိုင်ခရိုင်ထဲမှာ မြို့နယ် ခြောက်မြို့နယ် ပါဝင်ပါတယ်။ ချောင်းဆုံမြို့နယ်ဟာ မော်လမြိုင်ခရိုင်ထဲမှာ ပါဝင်ပြီး ဘီလူးကျွန်းပေါ်မှာ တည်ရှိပါတယ်။ အရှေ့လောင်ဂျီတွဒ် ၉၇.၂၇ မိနစ်နဲ့ ၉၇.၃၀ မိနစ်တို့ အကြားမှာ တည်ရှိတာကြောင့် ဂရင်းနစ်စံတော်ချိန် မျဉ်းဖြတ်သန်းရာဒေသ၊ ဒါကြောင့် မြန်မာစံတော်ချိန်ကို သတ်မှတ်ရာမှာ ချောင်းဆုံအနီးကို အဓိကထား သတ်မှတ်ရတယ်လို့ ဆိုပါတယ်။ ရွာလွတ်ရွာရဲ့ ဆေးတံကတော့ ကမ္ဘာကျော်ခဲ့တာပေါ့။ လက်ရှိ မွန်ပြည်နယ်မှာဆိုရင် ခရိုင် ၂ ခုရှိတယ်၊ မြို့နယ် ၁၀ ခုရှိတယ်။ ကျေးရွာပေါင်းက ၁၁၅၂ ခုနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ မွန်ပြည်နယ်မှာဆိုရင်တော့ လူဦးရေ နှစ်သန်းကျော် ရှိပါတယ်။  အဲဒီတော့ ရွေးကောက်ပွဲမှာ မွန်ပြည်နယ် အနေနဲ့ဆိုရင် ပြည်နယ်လွှတ်တော်မှာ နေရာ ၂၀ ရှိတယ်။ ပြည်သူ့လွှတ်တော်မှာဆိုရင် ၁၀ နေရာရှိတယ်။ အမျိုးသားလွှတ်တော်မှာ ဆိုရင် ၁၂ နေရာရှိတာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ဆိုရင် မွန်ပြည်နယ်က ၁ ဒသမ ၅ သန်းကျော် မဲပေးနိုင်ခွင့် ရှိခဲ့တဲ့အထဲမှာ မဲပေးသူပေါင်းကတော့  ၅၁ ရာခိုင်နှုန်းပဲ ရှိခဲ့ပါတယ်။ ဒါကတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် မွန်ပြည်နယ်ဟာ ဒုတိယအနည်းဆုံး မဲပေးခဲ့တဲ့ ပြည်နယ် ဖြစ်ခဲ့ပါတယ်။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာဆိုရင် မဲပေးနိုင်ခွင့်ရှိတဲ့သူဟာ ၁ ဒသမ ၇ သန်းကျော် ရှိပြီးတော့ အဲဒီအထဲမှာမှ ပထမဦးဆုံးအကြိမ် မဲပေးမယ့်သူက တစ်သိန်းကျော် ရှိပါတယ်။ မသန်စွမ်း မဲဆန္ဒရှင်ကတော့ ၄၀၀၀ ကျော် ရှိတာကို တွေ့ရပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ မွန်ပြည်နယ်မှာ မဲရုံအရေအတွက်ပေါင်းက ၉၅၀ ကျော်ရှိမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းကဆိုရင် မွန်ပြည်နယ်မှာ ပြည်နယ်လွှတ်တော်မှာ ယှဉ်ပြိုင်ပါတီက ၆ ခုရှိခဲ့တယ်။ ပြည်သူ့လွှတ်တော်မှာ ဆိုရင် ၆ ခု ရှိခဲ့တယ်။ အမျိုးသားလွှတ်တော်မှာ ၅ ခု ရှိခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲကို ပြန်ကြည့်မယ်ဆိုရင်လည်း ယှဉ်ပြိုင်ကြတဲ့ ပါတီတွေက ပြည်နယ်လွှတ်တော်မှာဆိုရင် ၁၆ ခုရှိတယ်၊ ပြည်သူ့လွှတ်တော်မှာဆိုရင် ၁၄ ခုရှိတယ်၊ အမျိုးသားလွှတ်တော်မှာ ဆိုရင် ၁၅ ခု ရှိခဲ့ပါတယ်။  မွန်ပြည်နယ်နဲ့ ပတ်သက်ပြီးတော့ DVBu စစ်တမ်းကောက်ယူထားတာတွေ ရှိခဲ့ပါတယ်၊ ဒီစစ်တမ်း ဖြေဆိုထားတဲ့သူတွေကို ကြည့်မယ်ဆိုရင် (ကျား) ကတော့ ၅၅ ရာခိုင်နှုန်း ဖြေဆိုထားပါတယ်။ (မ) ကတော့ ၄၁ ရာခိုင်နှုန်း ဖြေဆိုထားပါတယ်။ ဒီ အခြားဆိုတာလေးကတော့ LGBT ပါ။ သူတို့ကတော့ ၄ ရာခိုင်နှုန်း ဖြေဆိုထားပါတယ်။  မွန်ပြည်နယ်မှာ ဖြေဆိုထားတဲ့ အချက်အလက်တွေကို ကြည့်မယ်ဆိုရင် အသက် ၁၆ နှစ်ကနေ ၂၅ နှစ်အတွင်း ဖြေဆိုထားတဲ့သူက ၉၀ ရာခိုင်နှုန်း ရှိပါတယ်။ ဒီမှာ အသက် ၂၆ နှစ်ကနေ ၃၅ နှစ်အတွင်း ဖြေဆိုထားတဲ့သူက ၉ ရာခိုင်နှုန်းကျော် ရှိတာ တွေ့ရပါတယ်။ ဒီစစ်တမ်းထဲမှာ ဖြေဆိုထားတဲ့သူ ၁၆ ရာခိုင်နှုန်းဟာ မသန်စွမ်းတဲ့သူတွေ ဖြစ်ပါတယ်။ ဒီမှာဆို အမြင်အာရုံ မသန်စွမ်းတဲ့သူက ၅၀ ရာခိုင်နှုန်းဖြေဆိုထားကြတယ်၊ ကိုယ်ခန္ဓာမသန်စွမ်းတဲ့သူက ၃၈ ရာခိုင်နှုန်း ဖြေဆိုထားကြတယ်၊ ဉာဏ်ရည် မသန်စွမ်းတဲ့သူက ၁၂ ရာခိုင်နှုန်း ဖြေဆိုထားကြပါတယ်။  နောက်ပြီးတော့ ဖြေဆိုထားတဲ့သူတွေမှာ မွန်လူမျိုးက ၅၃ ရာခိုင်နှုန်း၊ မွန်-ဗမာက ၈ ရာခိုင်နှုန်း ၊ ကရင်က ၄ ရာခိုင်နှုန်း၊ ကရင်-ဗမာက  ၂ ရာခိုင်နှုန်း၊ ဗမာက ၃၃ ရာခိုင်နှုန်း ဖြေဆိုထားတာကို တွေ့ရတယ်။ ဒီစစ်တမ်းမှာ မွန်ပြည်နယ်မှာ အဓိကရင်ဆိုင်နေရတဲ့ ပြဿနာတွေက ဘာတွေလဲဆိုပြီးတော့ မေးမြန်းခဲ့ရာမှာတော့ မူးယစ်ဆေးဝါးပြဿနာကို အများဆုံး ရင်ဆိုင်နေရတယ်ဆိုပြီးတော့ ဖြေဆိုထားကြတယ်။ မူးယစ်ဆေးဝါးကတော့ ၂၀ ရာခိုင်နှုန်းတဲ့။ ဒီမှာကတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပေါ့နော်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီးတော့ ၁၈ ရာခိုင်နှုန်း ဖြေဆိုထားကြတယ်။ နောက်ပြီးတော့ ပညာရေး၊ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး စတာတွေကတော့ တန်းတူညီမျှ ဖြေဆိုထားတာကို တွေ့ရတယ်။ ၁၃ ရာခိုင်နှုန်းပေါ့နော်။ ဒါ့အပြင် လမ်းပန်းဆက်သွယ်ရေး၊ ငြိမ်းချမ်းရေး၊ ဘာသာပေါင်းစုံစုပေါင်း နေထိုင်ရေး၊ နောက်တစ်ခုကတော့ စာကြည့်တိုက် ဖွံ့ဖြိုးရေးဆိုပြီးတော့ ဒီ ၄ ခုကို ဖြေဆိုထားကြပါတယ်၊ တခြားပြဿနာ ဆိုတာကတော့ ၈ ရာခိုင်နှုန်း ဖြေဆိုထားကြပါတယ်။  ဒီနေ့အစီအစဉ်မှာဆိုရင်တော့ အွန်လိုင်းပေါ်ကနေပြီးတော့ ကောက်ယူထားတဲ့ စစ်တမ်းတွေ ပြီးတော့ မွန်ပြည်နယ်အတွင်းက မြို့နယ်တချို့မှာ ကောက်ယူထားတဲ့ စစ်တမ်းတွေအပေါ် မူတည်ပြီးတော့ အဲဒီရလဒ်တွေအရ ပါတီလေးပါတီကို ဖိတ်ကြားထားပါတယ်။ အဲဒီ ဖိတ်ကြားထားတဲ့ ပါတီတွေကတော့ မွန်ညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြီးတော့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပါတီတို့ပဲ ဖြစ်ပါတယ်။ ဖိတ်ကြားထားတဲ့ ပါတီကိုယ်စားလှယ်တွေက တစ်ဦးကို ၂ မိနစ်စီလောက် မိတ်ဆက်စကား ပြောကြားပေးခဲ့ကြရာမှာ အရင်ဆုံး မွန်ညီညွတ်ရေးပါတီက နိုင်လယ်တမက “ ကျနော်တို့ပါတီက မူဝါဒ ၇ ချက် ရှိပါတယ်။ တစ်အချက်က တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြည်တွင်းစစ် ရပ်စဲရေး၊ ပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေးတွေ ဖော်ဆောင်ပြီးတော့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံတဲ့၊ လူမျိုးကို အစေခံဖွဲ့စည်းတဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်ဖို့။ နှစ်က ပါတီစုံဒီမိုကရေစီစနစ် အရှည်တည်ခိုင်မာလာပြီးတော့ အဲဒီကနေတစ်ဆင့် တရားမျှတတဲ့၊ လောကပါလတရားနဲ့ ပြည့်စုံတဲ့ ဒီမိုကရေစီနိုင်ငံကို ဖော်ဆောင်ဖို့။ သုံးအချက်က မွန်ဒေသတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ တနိုင်ငံလုံး နိုင်ငံနဲ့တဝန်း  ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့၊ လေးက တိုင်းရင်းသားလူမျိုးစုအားလုံးရဲ့ အစုအဖွဲ့ဆိုင်ရာ ကိုယ်ပိုင်အမှတ်လက္ခဏာတွေကို အသိအမှတ် ပြုပြီးတော့ ပြည်သူတစ်ဦးချင်းစီရဲ့ ဒီမိုကရေစီအခွင့်အရေးများ အပြည့်အဝ ခံစားခွင့် ရှိတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ကို တည်ဆောက်ဖို့။ နောက် ငါးအချက်က တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး လူ့အခွင့်အရေး အပြည့်အဝ ရရှိခံစားဖို့နဲ့ လွပ်လပ်တဲ့ လူနေမှုဘဝကို ရရှိခံစားနိုင်ကြဖို့။ ခြောက်အချက်က တနိုင်ငံလုံးမှာ အဂတိလိုက်စားမှု ကင်းစင်ပပျောက်ပြီးတော့ တရားဥပဒေစိုးမိုးရေး ပီပီပြင်ပြင် ခိုင်မာစေဖို့။ ခုနစ်အချက်က အာဏာရှင်စနစ်နဲ့၊ မဟာလူမျိုးကြီးဝါဒနဲ့ ကျဉ်းမြောင်းတဲ့ လူမျိုးရေးအမြင်တွေကို ဆန့်ကျင်သွားဖို့ဆိုပြီးတော့ ကျနော်တို့ ပါတီရဲ့ နိုင်ငံရေးမူဝါဒ ၇ ချက်ကို ချမှတ်ထားပါတယ်။” လို့ပြောပါတယ်။ နောက်တဦးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဆရာမုံရွာအောင်ရှင်ကတော့ “ ကျနော်တို့ရဲ့ မူဝါဒသဘောထားက ပါတီစပြီးတော့ တည်ထောင်ခဲ့တဲ့ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့ပြီး နောက်ပိုင်းပေါ့လေ၊ မကြာခင်မှာ ကျနော်တို့ ဒီဇင်ဘာလလောက်မှာ အခြေခံ မူဝါဒသဘောထားကို ကြေညာခဲ့ပါတယ်။ အဲဒီမူဝါဒသဘောထားမှာတော့ အချက်အလက်ပေါင်းများစွာပေါ့။ နံပါတ်တစ်ကတော့ နိုင်ငံရေးနဲ့ ပတ်သက်လို့၊ နံပါတ်နှစ်ကတော့ စီးပွားရေးပေါ့၊ နံပါတ်သုံးက နိုင်ငံခြားရေးမူဝါဒ၊ နံပါတ်လေးက တိုင်းရင်းသားမျိုးနွယ်စုတွေနဲ့ ပတ်သက်တဲ့ မူဝါဒ၊ ဒါတွေဟာ တကယ့်အရေးကြီးတဲ့ မူဝါဒတွေလို့ သတ်မှတ်ခဲ့တာ ရှိပါတယ်။  နိုင်ငံရေးအရကတော့ အားလုံးသိတဲ့အတိုင်းပဲ မြန်မာနိုင်ငံကို အာဏာရှင်စနစ် ဘယ်တော့မှ မပေါ်ပေါက်နိုင်တဲ့နည်းနဲ့ ကျနော်တို့ ထူထောင်မယ်။ နောက်တော့ ဒီမိုကရေစီနည်းအရ တိုင်းပြည်ကို ထူထောင်မယ်။ နောက် အဲဒီကာလတုန်းက ပြောတဲ့စကားအရ ဆိုရင်တော့ တိုင်းရင်းသားမျိုးနွယ်စုအားလုံး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေးမယ် ဆိုတဲ့ မူဝါဒကို ကျနော်တို့ အဲဒီတုန်းက ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီဘက်နောက်ပိုင်းမှာတော့ ကျနော်တို့က အမျိုးသားပြန်လည်သင့်မြတ်ရေးကို အခြေခံတဲ့၊ တိုင်းရင်းသားလူမျိုးစုတွေ အားလုံး သွေးစည်းညီညွတ်တဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို သွားမယ်ဆိုပြီးတော့၊ ဒါကို ဖြည့်စွက်ပြီးတော့၊ ဒီလမ်းစဉ်နဲ့ သွားမယ်ဆိုပြီးတော့ စီစဉ်ခဲ့ပါတယ်။”လို့ပြောပါတယ်။ “နောက်တစ်ခါ တိုင်းရင်းသားမျိုးနွယ်စုတွေနဲ့ ပတ်သက်လို့လည်း ကျနော်တို့ ထပ်ပြီးတော့ ပြောတဲ့ မူဝါဒက ဘာလဲဆိုလို့ရှိရင် စောစောကပြောတဲ့ ဖက်ဒရယ် ပြည်ထာင်စုပါပဲ။ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို သွားမယ်။ နောက်တစ်ခါ ပြည်တွင်းငြိမ်းချမ်းရေး။ ပြည်တွင်းငြိမ်းချမ်းရေးကလည်း အရေးကြီးပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးကလည်း ကျနော်တို့ရဲ့ ၂၀၁၅ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ အဓိကထားပြီးတော့ ကြေညာသွားခဲ့တာ ရှိပါတယ်။ နောက်တစ်ခါ တတိယအချက်ကတော့ ဘာလဲဆိုရင် ကျနော်တို့ ဒီကနေ့ အလိုအပ်ဆုံးဖြစ်တဲ့ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး ဆိုတာကို မူဝါဒအနေနဲ့ ချမှတ်ခဲ့ပါတယ်။ နောက် အရေးကြီးတဲ့ အချက်တစ်ချက်လည်း ရှိပါတယ်။ အဲဒါက တနိုင်ငံလုံးမှာ တရားဥပဒေစိုးမိုးရေး ရရှိအောင်လို့ ဖော်ဆောင်မယ်ဆိုတဲ့ မူဝါဒကိုလည်း ချမှတ်ခဲ့ပါတယ်။ ဒါ ပဏာမ အနေနဲ့ ဒီလောက်ပဲ ကျနော် ပြောချင်ပါတယ်။” လို့ မုံရွာ အောင်ရှင်က ပြောပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဦးဝင်းမော်ဦးကတော့ “ မူဝါဒတွေကတော့ အများကြီးပေါ့နော်။ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး။ နောက်ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ရင်လည်း ကျနော်တို့ မူဝါဒတွေ ရှိပါတယ်။ အထူးသဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ၊ လက်ရှိမှာ ပြဋ္ဌာန်းပြီး ကျင့်သုံးနေဆဲ ဖြစ်ပါတယ်။ သို့သော်လည်းပဲ တချိန်မှာ တိုင်းရင်းသားလူမျိုးစုတွေ အားလုံး လိုလားနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဖော်ဆောင်သွားကြမှာ ဖြစ်တဲ့အတွက်ခြေခံ ဒါကိုလည်းပဲ ကျနော်တို့ပါတီက မူဝါဒအဖြစ် လက်ခံထားပြီး ဖြစ်ပါတယ်။ အဲဒီအတွက်လည်း ကျနော်တို့ ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်လို့ နောင်တချိန်မှာ သွားမယ့် ဖက်ဒရယ်ပြည်ထောင်စုအတွက် ကြိုတင်ပြီးတော့ ပုံဖော်နိုင်မယ့်၊ လေ့ကျင့်ပျိုးထောင်ပေးမယ့် အချက်တွေကို ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြန်ပြီးတော့ ဆန်းစစ်ပြီးတော့ လိုအပ်တဲ့ဥပဒေတွေ၊ အခြေခံဥပဒေတွေ အားလုံး ဆန်းစစ်ပြီးတော့ ပြန်လည်ပြုပြင်သွားဖို့လည်း ကျနော်တို့မှာ မူဝါဒက ချမှတ်ထားပါတယ်။” လို့ပြောပါတယ်။ “တဖက်မှာလည်း ကျနော်တို့နိုင်ငံရဲ့ စီးပွားရေးပေါ့နော်။ စီးပွားရေးသည်လည်း ဘာပဲဖြစ်ဖြစ် အခုအချိန်မှာ ကိုဗစ်ကာလနဲ့အညီ နိုင်ငံတကာမှာကော၊ ကျနော်တို့နိုင်ငံမှာကော စီးပွားရေးက တဖြည်းဖြည်းနဲ့ ကျဆင်းလာတဲ့ အခြေအနေတွေ ရှိပါတယ်။ အဲဒီအခြေအနေနဲ့ ပတ်သက်ပြီးတော့ ပြန်လည်ပြီး နိုင်ငံတကာနဲ့ တင်ရှိနေတဲ့ ကြွေးမြီဝန်ထုပ်ဝန်ပိုးတွေကအစ ဒါတွေကို နောင်တချိန်မှာ ကြွေးမြီဝန်ထုပ်ဝန်ပိုးတွေ လျော့ပါးသွားစေဖို့ ကြိုးစားမယ်ဆိုပြီး ကျနော်တို့ မူဝါဒ ချမှတ်ထားပါတယ်။ ပြီးလို့ရှိရင် ကျနော်တို့ တဘက်မှာလည်းပဲ အားလုံးသိတဲ့ ငြိမ်းချမ်းရေးဆိုတာ ရှိပါတယ်။ အဲဒီတော့ ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ပါတီအနေနဲ့ အစဉ်တစိုက် ထောက်ခံ၊ ပါဝင်ဆွေးနွေး ဆောင်ရွက်နေသလို ကျနော်တို့ ဆက်လက်ပြီးတော့လည်း ပြည်ထောင်စုငြိမ်းချမ်းရေး အောင်မြင်လာဖို့အတွက်၊ အဓွန့်ရှည် တည်တံ့ခိုင်မြဲဖို့အတွက် ကျနော်တို့ဘက်ကနေပြီး အစွမ်းကုန် ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ပြီးရင် ကျန်တာတွေကတော့ လူငယ်၊ အမျိုးသမီး၊ တိုင်းရင်းသား၊ နိုင်ငံသားတွေ အားလုံးရဲ့ ယုံကြည်ကိုးကွယ်မှုကအစ ဒါတွေနဲ့ပတ်သက်ရင် ဥပဒေနဲ့အညီ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်နိုင်မယ်၊ ပြီးလို့ရှိရင် သူတို့ရဲ့ အလုပ်အကိုင်၊ စီးပွား အခွင့်အလမ်း အားလုံးကိုလည်း ကျနော်တို့ပါတီက တစိုက်မတ်မတ် တွန်းအားပေးဆောင်ရွက်သွားမယ် ဆိုတာလေးကိုတော့ ကျနော် ပဏာမ မိတ်ဆက် တင်ပြချင်ပါတယ်။” လို့   ဦးဝင်းမော်ဦးကပြောပါတယ်။ ဆက်ပြီးတော့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က ဦးခွန်အောင်မျိုးသိမ်းက “အခု ကျနော်တို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီရဲ့ မူဝါဒကို ပြောရမယ်ဆိုရင် ကျနော်တို့ ပအိုဝ်းအမျိုးသား ခေါင်းဆောင်ကြီး ဖြားဗွာလှဖေရဲ့ လမ်းစဉ်နဲ့အညီ လွတ်လပ်ရေး၊ တရားမျှတခြင်း၊ ညီညွတ်ရေးဆိုတဲ့ ကျနော်တို့ လောကပါလတရားကို အခြေခံထားပါတယ်။ ကျနော်တို့ တန်းတူရေးကို၊ အမျိုးသားတန်းတူရေးကို အခြေခံထားပါတယ်။ ကျနော်တို့ ရည်ရွယ်ချက်ကို ဦးစားပေးဆွေးနွေးလိုပါတယ်။ ရည်ရွယ်ချက်ကတော့ တိုင်းရင်းသားပေါင်းစုံ သွေးစည်းညီညွတ်စွာ စုပေါင်းနေထိုင်ကြသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး ထာဝရအဓွန့်ရှည် တည်တံ့ခိုင်မြဲစေရေး၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ၊ တခြားသောညီနောင် သွေးသားများနဲ့ တန်းတူရည်တူ အပြန်အလှန် လေးစားတန်ဖိုးထားမှုများနှင့် ထာဝရ သွေးစည်း ညီညွတ်စေရေး၊ ပအိုဝ်းအမျိုးသားများ၏ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ကို ထာဝရရှင်သန် ထွန်းကားစေပြီး မိမိတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို သားစဉ်မြေးဆက် အထိ ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်နိုင်မည့် ကောင်းမွန်သော အမွေများကို ဆက်ခံသွားနိုင်စေရန် ဖော်ဆောင် တည်ဆောက် ပေးသွားရေး၊ ပအိုဝ်းအမျိုးသားများနှင့်တကွ ပအိုဝ်းဒေသတွင်းရှိ တရားဥပဒေဘောင်အတွင်း အေးအတူ ပူအမျှ စုပေါင်းနေထိုင်လျှက်ရှိသော အခြားသောညီနောင် တိုင်းရင်းသားများ၏ အကျိုးစီးပွားများနှင့် လိုအင်ဆန္ဒများကို ကျနော်တို့ အခြေခံ ဖြည့်ဆည်းပေးသွားဖို့ ဖြစ်ပါတယ်။ အခုကျနော်တို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (မွန်ပြည်နယ်) အနေနဲ့လည်း မွန်ပြည်နယ်အတွင်းမှာ ရှိတဲ့ မွန်ပြည်နယ် လွှတ်တော်ထဲမှာ စုံလင်လှစွာပဲ ကျနော်တို့ ဥပဒေပြုရေး၊ တရားစီရင်ရေးကဏ္ဍတွေမှာ ပအိုဝ်းအမျိုးသားတွေလည်း နိုင်ငံရေးအရ၊ ရပ်တည်မှုတစ်ခု၊ ကိုယ်စားပြုမှု တစ်ခု အနေနဲ့ ပါဝင်ပြီးတော့ ပြည်ထောင်စုကြီးကို ပိုမိုလှပအောင် တည်ဆောက်တဲ့နေရာမှာ တတပ်တအား ပါဝင်လိုတဲ့ ဆန္ဒနဲ့ တခြားသော ညီနောင် တိုင်းရင်းသားများနည်းတူ တန်းတူညီမျှမှုနဲ့ တည်ဆောက်သွားလိုတဲ့ အခြေခံစိတ်နဲ့ ကျနော်တို့ပါတီကို ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်ပါတယ်။” လို့ ပြောပါတယ်။ ခွန်အောင်မျိုးသိမ်းဟာ မွန်ပြည်နယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ရဲ့ ပြည်နယ်စည်းရုံးရေးမှူး တာဝန်ယူထားသူဖြစ်ပါတယ်။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီရဲ့ ဗဟိုအဖွဲ့ချုပ်ကိုတော့ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ အခြေစိုက်ပေမဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်း အစရှိတဲ့နေရာတွေမှာ နေထိုင်နေကြတဲ့ ကျနော်တို့ ပအိုဝ်းအမျိုးသားတွေရှိရာ ဒေသတွေမှာလည်း  အိုဝ်းအမျိုးသား ပါတီက ၂၀၂၀ ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဒီနေ့အစီအစဉ်မှာ ဆိုရင်တော့ မေးခွန်းတွေကို မေးဖို့အတွက် First Time Voters (ပထမဆုံးအကြိမ် မဲပေးမည့်သူ) လူငယ်တွေကလည်း အွန်လိုင်းပေါ်မှာ အဆင်သင့် ရှိနေပါတယ်။ ပထမဆုံးအနေနဲ့ မေးခွန်းမေးမြန်းသူ   မအိအိဖြိုးက “ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မေးချင်ပါတယ်ရှင့်။ ညီမမေးချင်တာကလေ မူးယစ်ဆေးဝါး ပြဿနာနဲ့ ပတ်သက်ပြီးတော့ မေးချင်ပါတယ်။ ဒီမျိုးဆက်မှာတောင်မှာ ဒီလောက်ထိ သုံးနေမယ်ဆိုရင် နောက်ထပ် လာမယ့် မျိုးဆက်တွေအနေနဲ့ အခြေအနေကတော့ ဒီတိုင်းဆက်သွားမယ် ဆိုရင်တော့ ပိုဆိုးလာဖို့ပဲ ရှိတယ်။ မူးယစ်ဆေးဝါးပြဿနာနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုလုပ်ပေးမလဲ ဆိုတာကို ညီမသိချင်ပါတယ်။” မေးခွန်းထုတ်ပါတယ်။  ဒီမေးခွန်းနဲ့ ပတ်သက်ပြီး မုံရွာအောင်ရှင်က “ မူးယစ်ဆေးဝါး ပြဿနာကတော့ အခုဟာက တနိုင်ငံလုံးပဲ။ အထူးသဖြင့်တော့ မူးယစ်ဆေးဝါးကို အထူးပြဿနာ ဖြစ်တဲ့ ပြည်နယ်တွေကတော့လေ၊ အထူးသဖြင့် နယ်စပ်ဒေသ ပြည်နယ်တွေ ပိုပြီးတော့ သိသာပါတယ်။ ဥပမာ - ရှမ်းပြည်နယ်ရှိမယ်၊ နောက်တစ်ခါ အခု မွန်ပြည်နယ် ရှိမယ်၊ နောက်တစ်ခါ ကချင်ပြည်နယ်လိုဟာမျိုးလည်း ရှိတယ်။ သူ့ဟာက ဒီလို မူးယစ်ဆေးဝါး ပြဿနာကတော့ တော်တော်များများမှာ ကျနော်တို့ ကြုံရပါတယ်။ အဲဒီတော့ ဒီမူးယစ်ဆေးဝါးကို တိုက်ဖျက်ဖို့ ကိစ္စကလည်း တမျိုးသားလုံး ပြဿနာ၊ တမျိုးသားလုံးရဲ့ အခက်အခဲ အနေနဲ့ ယူဆပြီးတော့ ကျနော်တို့ အစိုးရလက်ထက်မှာ ပိုပြီးတော့ ဂရုတစိုက် ရှိပါတယ်။  အထူးသဖြင့် ကျနော် သတိထားမိတာပေါ့လေ၊ ကျနော်တို့ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့် ကိုယ်တိုင်ပဲ ဒီမူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ သူကိုယ်တိုင် ကြပ်မတ်ကိုင်တွယ်တာတွေ ရှိတယ်။ အဲဒီတော့ မူးယစ်ဆေးဝါး ပြဿနာကို NLD အစိုးရအနေနဲ့ လက်ပိုက်ကြည့်နေတဲ့ အဆင့်တော့ မဟုတ်ပါဘူး။ မူးယစ်ဆေးဝါး ပြဿနာကို ဘယ်လိုကိုင်တွယ်မလဲ၊ ဘယ်လိုဖြေရှင်းပေးနိုင်မလဲ ဆိုတာကို ကျနော်တို့ အမြဲတမ်းသတိထားပြီးတော့ နေတဲ့ အစိုးရဖြစ်ပါတယ်။  နောက်တစ်ခုက မူးယစ်ဆေးဝါးနဲ့ တဆက်တည်းပဲပေါ့လေ၊ တဆက်တည်းပဲ ပြောချင်တာက တရားဥပဒေ စိုးမိုးရေးပါပဲ။ တရားဥပဒေစိုးမိုးရေး အားနည်းလို့ရှိရင် မူးယစ်ဆေးဝါး ပြဿနာလည်း ပိုပြီးတော့ ကြီးထွားလာမှာပါပဲ။ အဲဒီတော့ တရားဥပဒေ စိုးမိုးရေးကို ကျနော်တို့ သေသေချာချာ ကြပ်ကြပ်မတ်မတ် လုပ်ဆောင်နေတာလဲ အားလုံး သိမယ်လို့ ကျနော် ထင်ပါတယ်။ အဲဒီတော့ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့စကားတစ်ခွန်း ရှိပါတယ်။ တရားဥပဒေစိုးမိုးရေးဟာ ဒီမိုကရေစီနိုင်ငံအတွက် အရေးကြီးတယ်၊ တရားဥပဒေ စိုးမိုးရေးမရှိရင် လုံခြုံမှု မရှိနိုင်ဘူး၊ လုံခြုံမှု မရှိဘူးဆိုရင် လွတ်လပ်မှု မရှိနိုင်ဘူး၊ အဲဒီတော့ လွတ်လပ်မှုနဲ့ လုံခြုံမှုဆိုတာက ခေါင်းနဲ့ပန်းလိုပဲ ဆက်နွှယ်နေတယ်။ အဲဒီတော့ တရားဥပဒေစိုးမိုးရေးက အခြေခံကျတယ်လို့ ပြောဖူးတယ်။ဒီ မူးယစ်ဆေးဝါး ပြဿနာလည်း ဒီလိုပါပဲ။ တရားဥပဒေစိုးမိုးရေးရဲ့ အခြေခံပဲလို့ ပြောချင်ပါတယ်။” လို့ ဖြေကြားသွားပါတယ်။  နောက်ထပ်  လူငယ်တဦးဖြစ်တဲ့ မွန်ပြည်နယ် မုဒုံမြိုနေ မင်းအောင်သူရက “ ကျနော်မေးချင်တဲ့ မေးခွန်းက မွန်ညီညွတ်ရေးပါတီကို မေးချင်ပါတယ်။ ပြည်ပရောက် မွန်ရွှေ့ပြောင်း အလုပ်သမားတွေက ရွေးကောက်ပွဲအတွက် ကြိုတင်လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်ကို ဆရာတို့ပါတီ အနေနဲ့ ဘယ်လို စီစဉ်ထားတာရှိလဲ။ ပြီးရင် သူတို့မဲပေးနိုင်ဖို့ အနီးဆုံးနေရာဖြစ်အောင် ကော်မရှင်တွေကို ဘယ်လို တိုက်တွန်းထားတာရှိသလဲ ကျနော်သိချင်ပါတယ်။” လို့ မေးခွန်းထုတ်ပါတယ်။ ဒီမေးခွန်းနဲ့ ပတ်သက်ပြီး မွန်ညီညွတ်ရေးပါတီက နိုင်လယ်တမက “ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ပြီးခဲ့တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရက်ပေါင်း ၉၀ နေထိုင်တဲ့ ရွှေ့ပြောင်းလုပ်သားတွေကို သူတို့ရောက်ရှိနေတဲ့ နေရာဒေသကနေပြီးတော့ အဲဒီမှာ အရွေးခံတဲ့ ကိုယ်စားလှယ်လောင်းကို မဲပေးခွင့်ရှိတယ်ဆိုတဲ့ သူတို့ ထုတ်ပြန်ချက် ထုတ်ပြီးတာနဲ့ တပြိုင်နက်တည်းမှာပဲ အဲဒီအပေါ်မှာ သဘောထားကို ကျနော်တို့က ထုတ်ပြန်ခဲ့တယ်။ ဧည့်စာရင်း တိုင်ကြားတဲ့ဥပဒေကို နိုင်ငံတော်က ဖျက်သိမ်းထားတယ်။ နိုင်ငံတော်က အဲဒီဥပဒေကို ဖျက်သိမ်းထားတဲ့အတွက် ရွှေ့ပြောင်းလုပ်သား တစ်ယောက်က ရက်ပေါင်း ၉၀ နေထိုင်ကြောင်း အထောက်အထား ရယူတဲ့နေရာမှာက အများကြီး သံသယဝင်စရာတွေ ဖြစ်လာတယ်။ အထောက်အထား ရယူတာနဲ့ ပတ်သက်ပြီးတော့ အငြင်းပွားစရာတွေ ဖြစ်လာနိုင်တဲ့ ကိစ္စတစ်ရပ်ဖြစ်တယ်။ နောက်တစ်ချက်က အဲဒီရွှေ့ပြောင်းလုပ်သားတွေရဲ့ ဆန္ဒကြောင့် တစ်စုံတစ်ရာ ပြောင်းလဲသွားမယ် ဆိုရင် ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်ရဲ့ ကိုယ်စားပြုမှု ဘယ်လောက်စစ်မှန်သလဲ ဆိုတာ ဒီအပေါ်မှာ မေးခွန်းထုတ်စရာတွေရှိလာတယ်။ နောက်တစ်ခုက ရွှေ့ပြောင်းလုပ်သား ဆိုတာက ပြောမယ်ဆိုရင်တော့ မွန်ပြည်နယ်ကို ရောက်လာတဲ့ ဧည့်သည်တွေပါ။”လို့ပြောပါတယ်။   ရွှေ့ပြောင်းလုပ်သားတွေအတွက် မဲဆန္ဒပေးဖို့ ကြိုတင် မဲပေးဖို့အတွက် အနီးဆုံးနေရာတွေကို ဘယ်လိုမျိုး စီမံပေးနိုင်မလဲ ဆိုပြီးတော့ မေးထားတာပါ အဲဒါလေး လိုတိုရှင်းလေး ဖြေပေးပါ။ “ဟုတ်ကဲ့ ဒါကတော့ မဲဆန္ဒရှင်တွေက မဲပေးနိုင်ဖို့က ကျနော်တို့ ပါတီတစ်ခုတည်းနဲ့ လုပ်ဖို့၊ အသိပညာပေး လုပ်ငန်းတွေ လုပ်တယ်။ ဒါကတော့ ကျနော်တို့ ပါတီအပြင် တခြားသော အရပ်ဘက် အဖွဲ့အစည်းတွေကလည်း ပြည်သူတွေကို အမြင်ဖွင့်ပေးတယ်။ ပြည်သူတွေကလည်း မဲဆန္ဒပေးတဲ့ နေရာမှာတော့ ပြည်သူတွေ မဲပေးနိုင်အောင်တော့ အတတ်နိုင်ဆုံး ပညာပေးတွေ လုပ်ပါတယ်။ သို့သော် ဒါကတော့ လုံလောက်မှု မရှိဘူး။ သက်ဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်းတွေကလည်း ပါဝင်ဖို့လိုတယ်။”လို့ နိုင်လယ်တမက ဖြေကြားသွားပါတယ်။ မေးခွန်းမေးတဲ့ နောက်ထပ်လူငယ်တဦးကတော့ နန်းထက်လေးငယ်ဖြစ်ပြီး  ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ကို မေးခွန်းထုတ်ထားတာပါ။ “ကျမတို့ အနေနဲ့ တိုင်းရင်းသားပါတီတွေကို ဘာကြောင့်မဲပေးဖို့ လိုတာလဲ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်အနေနဲ့ကော အခုမှ မဲစပေးမယ့် လူငယ်တွေအတွက် ဘယ်လိုလုပ်ငန်းစဉ်တွေ ချမှတ်ထားလဲ”လို့ နန်းထက်လေးငယ်က မေးပါတယ်။ ဒီမေးခွန်းကိုတော့ ခွန်အောင်မျိုးသိမ်းက “ ကျနော်တို့ တိုင်းရင်းသားပါတီတွေက ပြည်ထောင်စုထဲမှာ အတူတကွ မှီတင်းနေထိုင်ကြတဲ့ အတွက်ကြောင့်မို့လို့ နိုင်ငံရေးမှာ နစ်နာချက်တွေ၊ နိုင်ငံရေးအရ လိုလားချက်တွေကို တိုင်းရင်းသားတွေ မှာလည်း ကိုယ်စီကိုယ်ငှ ခံစား သိရှိခွင့် ရှိပါတယ်။ ပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေ အားလုံးကနေပြီးတော့ သမိုင်းတလျှောက် ကြီးမားစွာ တိုင်းရင်းသားဆိုပြီးတော့ ရပ်တည် နေထိုင်ခဲ့တဲ့ အတွက်ကြောင့်မို့လို့ ပကတိ အခြေအနေမျိုးမှာ ကျနော်တို့ တိုင်းရင်းသား အားလုံးကလည်း နိုင်ငံရေးအရ နစ်နာမှုတွေကို ကာကွယ်ဖို့အတွက် ကျနော်တို့ရဲ့ ဥပဒေပြု လွှတ်တော်တွေမှာ ကျနော်တို့ တိုင်းရင်းသား ပါတီတွေကနေပြီးတော့ ကိုယ်စားပြုတရပ်အနေနဲ့ ဝင်ရောက်ဖို့က အင်မတန်မှ အရေးကြီးပါတယ်။  ကျနော်တို့ အနေနဲ့က ၂၀၁၅ မှာ၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တွေမှာ ကျနော်တို့ အများကြီး ကိုယ်စားပြုမှုတွေ ဒီမိုကရေစီ နည်းအရ ရရှိခြင်း အားနည်းခဲ့တယ်။ ဆိုတော့ ကျနော်တို့ ၂၀၂၀ မှာ ကျနော်တို့ တိုင်းရင်းသားပါတီတွေ အားလုံးကနေပြီးတော့ သူ့ရဲ့ တိုင်းရင်းသားက နေပြီးတော့ ကိုယ်စားပြုမှု အားကောင်းတဲ့၊ ဥပဒေပြုမှုမှာ အားကောင်းတဲ့၊ အစိုးရကို အပြန်အလှန် ထိန်းကြောင်းမှု အားကောင်းတဲ့၊ နိုင်ငံရေးအရ ကိုယ်စားပြုမှုတွေနဲ့ လွှတ်တော်ထဲမှာ ကိုယ်စီကိုယ်ငှ ရောက်ရှိကြမယ် ဆိုရင် မွန်ပြည်နယ် လွှတ်တော်ကြီးက အင်မတန်မှ စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက်နဲ့ အပြန်အလှန် ထိန်းကျောင်းမှု ကြီးကြီးမားမားနဲ့ ကျနော်တို့ ရှေ့ကို ဆက်နိုင်မှာ ဖြစ်ပါတယ်။”လို့ ဖြေကြားသွားပါတယ်။ ဒီနေ့ Any Questions? အစီအစဉ်မှာ ပါဝင်ပြီးတော့ မေးခွန်းတွေကို မေးပေးကြတဲ့ First Time voters တွေရော ဖြေကြားပေးတဲ့ ပါတီက တာဝန်ရှိတဲ့သူ အားလုံးကိုပါ ကျေးဇူးတင်ပါတယ်။ တင်ဆက်- နေရီရီ/ နွယ်နီတင်မောင်

//
More News
Up