အာရပ်ဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲသဖြင့် ဆီးရီးယားတွင် မီးပြတ်

1K
အာရပ်ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုကြောင့် ဆီးရီးယားနိုင်ငံမှာ လျှပ်စစ်မီး ပြတ်တောက်သွားပါတယ်။
ကနဦးသတင်းတွေအရ တိုက်ခိုက်မှုကြောင့် ပေါက်ကွဲတာလို့ ဆီးရီးယားစွမ်းအင်ဝန်ကြီးက အစိုးရရုပ်သံကနေ သြဂုတ် ၂၄ရက်မှာ ပြောပါတယ်။
ပေါက်ကွဲမှုအပြီး အကြီးအကျယ် မီးလောင်နေတဲ့ ပိုက်လိုင်းပုံ ရုပ်သံကို အစိုးရရုပ်သံ လွှင့်ဌာနက ထုတ်လွှင့်ပါတယ်။
ဆီးရီးယားနိုင်ငံရဲ့မြို့တော် ဒမတ်စကတ်ရဲ့ အနောက်မြောက်ဘက်က အဒ်ဒူမာယာနဲ့ အဒ်ရာ မြို့တွေကြားမှာ ပေါက်ကွဲတာလို့ အရာရှိတွေက အစိုးရမီဒီယာကို ပြောပါတယ်။
နိုင်ငံတောင်ပိုင်းက လျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့ စက်ရုံတွေဆီ ဓာတ်ငွေ့ပို့တဲ့ ပိုက်လိုင်း ပေါက်ကွဲတာ ဖြစ်ပြီး နည်းပညာရှင်အဖွဲ့တွေကို အခင်းဖြစ်ရာဆီ စေလွှတ်ထားပြီလို့လည်း ရေနံနဲ့ သတ္ထုသယံဇာတဝန်ကြီး အလီဂါနမ်က အိခ်ခါဘာရီယာရုပ်သံကို ပြောပါတယ်။
ခုတော့ နိုင်ငံအတွင်း ပြည်နယ်တွေမှာ လျှပ်စစ်ဓာတ်အား ဖြည်းဖြည်းချင်း ပြန်စပြီး ရနေ ပြီလို့ လျှပ်စစ်ဝန်ကြီးကို ကိုးကားပြီး အစိုးရရုပ်သံစာနာက ကြေညာပါတယ်။
ဆီးရီးယားပြည်တွင်းစစ်အတွင်း ၂၀၁၃ ခုနှစ်က သူပုန်တွေရဲ့အမြောက်ဆန် ဓာတ်ငွေ့ ပိုက်လိုင်းပေါ် ကျရောက်ပေါက်ကွဲလို့ တနိုင်ငံလုံးရဲ့အစိတ်အပိုင်းအများအပြားမှာ လျှပ်စစ်ဓာတ် အား ပြတ်တောက်ဖူးပါတယ်။
အာရပ်ဓာတ်ငွေ့ပိုက်လိုင်းစနစ်ဟာ အီဂျစ်နိုင်ငံကနေ ဂျော်ဒန်နဲ့ ဆီးရီးယားနိုင်ငံတို့ဆီ သွယ်တန်းထားတာပါ။