ကျိုင်းတုံတွင် ကျပ် ၁ ဘီလီယံခန့် တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးများ ဖမ်းမိ
DVB
·
August 24, 2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်မှာ ငွေကျပ် ၁ ဘီလီယံခန့် တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
ကျိုင်းတုံမြို့နယ်၊ ဝမ်တာပုံပူးပေါင်းစစ်ဆေးရေးဂိတ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ယာဉ်တွေကို စစ်ဆေးနေစဉ် ဒီနေ့မနက် ၁၁ နာရီခန့်လောက်က မိုင်းခတ်မြို့ကနေ ကျိုင်းတုံမြို့ဘက်ကို မိုင်းယန်းမြို့၊ ဈေးတန်းရပ်ကွက်နေသူ စိုင်းမြအောင် မောင်းနှင်လာတဲ့ IPSUM အမျိုးအစား အဖြူရောင်ယာဉ်အား ရပ်တန့်စစ်ဆေးရာမှ အိုက်စ်မူးယစ်ဆေးတွေ သိမ်းဆည်းမိခဲ့တာလို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
ယာဉ်နောက်ဖုံးအတွင်း ဝှက်သယ်လာတဲ့ အိုက်စ် ၁ ကီလိုဂရမ်ခန့်ပါ အထုပ် ၄၀၊ စုစုပေါင်း ၄၀ ကီလို ဂရမ်ခန့်၊ ကာလတန်ဖိုး ငွေကျပ် ၁ ဘီလီယံခန့်အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ပါတယ်။
စိုင်းမြအောင်၊ ဖမ်းဆီးရမိမူးယစ်ဆေးဝါးတွေနဲ့ မော်တော်ယဉ်အား သက်ဆိုင်ရာကို လွှဲပြောင်းအပ်နှံခဲ့တယ်လို့ သိရပါတယ်။