နျူစက်ရုံပေါက်ကွဲမှု ဖျက်ဆီးလိုသည့်လုပ်ရပ်ဟု အီရန်အနုမြူစွမ်းအင်အဖွဲ့စွပ်စွဲ

အီရန်နိုင်ငံ နားတန့်ဇ်နျူကလီးယားစက်ရုံမှာ အရင်လက ပေါက်ကွဲပြီး လောင်ခဲ့တဲ့မီးဟာ တမင်သက်သက် ဖျက်လို ဖျက်ဆီးလုပ်ရပ်ကြောင့်လို့ အီရန်အနုမြူစွမ်းအင်အဖွဲ့IAEO ပြောခွင့်ရ က အစိုးရရုပ်သံအယ်လ်အလမ်ကို သြဂုတ် ၂၃ရက်မှာ ပြောပါတယ်။
ပေါက်ကွဲမှု နောက်ကွယ်က အကြောင်းရင်းကို လုံခြုံရေးအာဏာပိုင်တွေက အချိန်မီ ဖော်ထုတ်လိမ့်မယ်လို့ IAEO ပြောခွင့်ရ ဘေရို့ဇ်ကာမယ်လ်ဗန်တီက ပြောပါတယ်။
မီးလောင်ရတဲ့အကြောင်းရင်းကို ဆုံးဖြတ်ပြီးပေမယ့် နောက်ပိုင်းမှ ကြေညာမယ်လို့ အီရန်ရဲ့ ထိပ်တန်းလုံခြုံရေးအဖွဲ့က ဇူလိုင်လက ပြောခဲ့တာပါ။
မီးလောင်မှုကြောင့် အပျက်အစီးတွေ သိသိသာသာဖြစ်ခဲ့တဲ့အတွက် အဆင့်မြင့် ယူရေနီယံ ကြွယ်ဝရေး စက်ဒလက်တွေ တည်ဆောက်ပြုပြင်မှု နှေးသွားနိုင်တယ်လို့ အီရန်အရာရှိတွေက ပြောခဲ့ပါတယ်။
နားတန့်ဇ်ယူရေနီယံကြွယ်ဝရေးနယ်မြေဟာ ကုလသမဂ္ဂနျူကလီးယား စောင့်ကြည့်ရေး အဖွဲ့ (IAEA)က စောင့်ကြည့်နေတဲ့ အီရန်စက်ရုံ တော်တော်များများထဲက တခုဖြစ်ပြီး နယ်မြေ အစိတ်အပိုင်းအများစုက မြေအောက်မှာ ရှိတယ်လို့ ရိုက်တာသတင်းဌာနက ရေးပါတယ်။
ဆိုင်ဘာဖောက်ထွင်း တိုက်ခိုက် ဖျက်ဆီးမှုကြောင့် မီးလောင်ရတာဖြစ်ပြီး ဒီလို တိုက်ခိုက်တဲ့ ဘယ်နိုင်ငံကို မဆို အီရန်အစိုးရက လက်တုံ့ပြန်သွားမယ်လို့ အီရန်အရာရှိ တချို့က သတိပေး ပြောဆိုခဲ့ပါတယ်။