အင်ဒိုနီးရှား အစိုးရရှေ့နေချုပ်ရုံး မီးလောင်

743
အင်ဒိုနီးရှားနိုင်ငံ အစိုးရရှေ့နေချုပ်ရုံး အဓိကအဆောက်အအုံ ၁ လုံး သြဂုတ် ၂၂ ရက်က ဒေသစံတော်ချိန် ညနေ ၇နာရီခွဲမှာ မီးလောင်ခဲ့တယ်လို့ သိရပါတယ်။
မီးလောင်ရတဲ့အကြောင်းရင်းကိုလည်း မသိရသေးဘူးလို့ ဒေသခံမီဒီယာက ပြောပါတယ်။
ဂျကာတာမြို့တော်တောင်ပိုင်းမှာရှိတဲ့ ခြောက်ထပ်အဆောက်အအုံရဲ့ အထပ်ရေ အတော်များများကို မီးလောင်ခဲ့တာဖြစ်ပြီး ဂျကာတာမီးသတ်ဌာနက မီးသတ်ကား ၆၅ စီးနဲ့ မီး သတ်သမား အယောက် ၂၀၀ ကျော်နဲ့ မီးငြှိမ်းသတ်ခဲ့ရပါတယ်။
မီးလောင်မှုကြောင့် ဒဏ်ရာရသူ မရှိဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။
မီးလောင်မှုဟာ လုပ်နေဆဲ အရေးကြီးတဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်နေလားဆိုတာ လူမှုကွန်ရက် သုံးစွဲသူတွေကြား ထင်ကြေးပေးနေကြပါတယ်။
ရှေ့နေချုပ်ရုံးပြောခွင့်ရကလည်း မီးလောင်ရတဲ့အကြောင်းရင်းကို ပြောကြားဖို့ ငြင်းသွားပါတယ်။ ရုံးရဲ့အမှုဖိုင်တွေ အားလုံးကို သီးခြားနေရာမှာ သိမ်းထားတာမို့ ဘေးကင်းပြီး မီးနဲ့ မထိခဲ့ဘူးလို့ ဆိုပါတယ်။
ရဲက မီးလောင်မှုကို စုံစမ်းစစ်ဆေးမယ်လို့ အင်ဒိုနီးရှားအစိုးရ ပြောခွင့်ရက ပြောပါတယ်။