ရခိုင်ပြည်နယ်တွင် ကျန်းမာရေးဝန်ထမ်း ၁၇ ဦး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရ
ပိုင်စိုး
·
August 24, 2020
ကိုဗစ်-၁၉ ကူးစက်နှုန်းမြင့်တက်လာနေတဲ့ ရခိုင်ပြည်နယ်မှာ ကျန်းမာရေးဝန်ထမ်း ၁၇ ယောက် ရောဂါကူးစက်ခံထားရပြီလို့ ပြည်နယ်ကျန်းမာရေး တာဝန်ရှိသူတယောက်က ပြောပါတယ်။
ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က “မနေ့ကအထိတော့ ၁၇ ယောက် ကူးစက်ခံထားရပါတယ်။ ဆရာဝန် ၁ ယောက်နဲ့ ကျန်တာကတော့ သူနာပြုတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေပေါ့။ ဒီနေ့ကတော့ ပြောလို့မရသေးဘူး။ (ကျန်းမာရေး) ဝန်ထမ်းမိသားစုတွေတော့ ပါပါတယ်” လို့ ပြောပါတယ်။
ကျန်းမာရေးဌာနရဲ့ မနေ့ကနဲ့ ဒီမနက် ထုတ်ပြန်ချက်အရ စစ်တွေမှာ ကိုဗစ်-၁၉ လူနာသစ် ၁၉ ယောက် တွေ့ရှိထားပါတယ်။ ဒီထဲက ၅ ယောက်ဟာ ကူးစက်နိုင်ခြေများတဲ့ အုပ်စုကို စစ်ဆေးတာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
အခုလို ကူးစက်ခံရတာဟာ ကာကွယ်ရေးပစ္စည်း မလုံလောက်လို့ ဖြစ်တာ မဟုတ်ဘဲ ကျန်းမာရေးဝန်ထမ်းတွေရဲ့ သဘောသဘာဝကိုက ရောဂါကူးစက်နိုင်ခြေများတဲ့ အုပ်စုထဲမှာ ပါနေတာလို့ သူက ပြောပါတယ်။
“ဆေးရုံဆိုတာက လူနာပေါင်းစုံလာတယ်။ လူနာပေါင်းစုံကို PPE (တကိုယ်ရည် အကာအကွယ်ဝတ်စုံ) ဝတ်ပြီး ကြည့်ရဖို့လည်း မဖြစ်နိုင်ပါဘူး။ ဥပမာ ရင်ဘတ်အောင့်လို့ လာပြတဲ့လူနာကို ဒီတိုင်းကြည့်လိုက်တယ်ပေါ့။ လူနာကတော့ ရင်ဘတ်အောင့်တာပဲ ဖြစ်တာ။ သူနဲ့အတူပါလာသူက ရောဂါသယ်ဆောင်သူ ဖြစ်နေနိုင်တယ်လေ” လို့ ပြောပါတယ်။
ဒါကြောင့် ကျန်းမာရေးဝန်ထမ်းတွေ အနေနဲ့ ရောဂါကာကွယ်ရေးထိန်းချုပ်နည်းလမ်းတွေကို တိတိကျကျ လိုက်နာဖို့လိုတယ်လို့လည်း သူက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ သြဂုတ် ၁၆ ရက်ကနေ ဒီမနက်အထိ ကိုဗစ်-၁၉ လူနာသစ် ၇၂ ယောက်ရှိလာပြီး စစ်တွေက ၆၇ ယောက်၊ မြောက်ဦးက ၃ ယောက်နဲ့ သံတွဲက ၂ ယောက်တို့ဖြစ်ပါတယ်။
ကျန်းမာရေးဌာန အမြဲတမ်းအတွင်းဝန်ကတော့ စစ်တွေဆေးရုံမှာ လူနာတွေထားဖို့နေရာ တိုးချဲ့နေသလို လိုအပ်ရင် ယာယီဆေးရုံလုပ်မယ်လို့ ပြောဆိုထားပါတယ်။
ပြီးတော့ ရခိုင်ပြည်နယ်မှာ ယာယီ တာဝန်ထမ်းဆောင်ကြဖို့ ဆန္ဒအလျောက် စာရင်းပေး ပြောင်းရွှေ့ကြတဲ့ အထူးကုဆရာဝန်ကြီးတွေအပါအဝင် ကျန်းမာရေးဝန်ထမ်း ၂၄ ယောက်ဟာ မနေ့က အထူးလေယာဉ်နဲ့ စစ်တွေကို ရောက်ရှိသွားပြီး ကိုဗစ်-၁၉ ဓာတ်ခွဲ စစ်ဆေးတာကိုလည်း စစ်တွေမှာပဲ လုပ်ဆောင်နေနိုင်ပြီ ဖြစ်ပါတယ်။