အောင်လံခိုင်ဖို့ မဲပေးစို့ ဆောင်ပုဒ် ရွေးချယ်ရခြင်းအကြောင်း အန်အယ်လ်ဒီဒုဥက္ကဋ္ဌ ရှင်းလင်း

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် အန်အယ်လ်ဒီပါတီရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ဆောင်ပုဒ်ကို “အောင်လံခိုင်ဖို့ မဲပေးစို့”ဆိုပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်ကြေညာခဲ့ပြီး ၂၀၁၅ က နိုင်ပွဲကို ဆက်လက်ထိန်းသိမ်းစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ရွေးချယ်ရတာလို့ အန်အယ်လ်ဒီပါတီရဲ့ ဒုဥက္ကဋ္ဌ ၂ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။
၂၀၁၅ ရွေးကောက်ပွဲတုန်းက ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ကြွေးကြော်သံနဲ့ ရွေးကောက်ပွဲကို အနိုင်ရရှိခဲ့တဲ့ အန်အယ်လ်ဒီပါတီဟာ လာမယ့်ရွေးကောက်ပွဲအတွက် ကြွေးကြော်သံကို ပြီးခဲ့တဲ့ ရက်ပိုင်းက တရားဝင်ထုတ်ပြန်ထားခဲ့တာပါ။
“၂၀၁၅ ခုနှစ်တုန်းက ကျနော်တို့ အောင်လံထူခဲ့ပြီးပြီပေါ့နော်။ ၂၀၂၀ နိုင်တယ်ဆိုတာ အောင်လံခိုင်အောင် လုပ်ဖို့ပါ။ ဒါကြောင့်မိုလို့ အောင်လံခိုင်ဖို့ မဲပေးစို့ဆိုတဲ့ Slogan လေးကို ရွေးရတာဖြစ်တယ်” လို့ ဒေါက်တာဇော်မြင့်မောင်က ဩဂုတ် ၂၃ ရက်က နေပြည်တော် အန်အယ်ဒီရုံးချုပ်မှာ ပြုလုပ်တဲ့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးအပြီးမှာ ပြောပါတယ်။
လာမယ့် ရွေးကောက်ပွဲအတွက် အန်အယ်လ်ဒီရဲ့ အောင်နိုင်ရေးဆောင်ပုဒ်ဟာ အောင်လံခိုင်ဖို့ မဲပေးစို့ တခုတည်းတော့ မဟုတ်ပါဘူး။ ဒီမိုကရေစီမှန်ကန်ရေး NLD ကို ဒို့မဲပေး ဆိုတဲ့ စကားရပ်လည်း ပါဝင်နေပါသေးတယ်။
အခုပြုလုပ်တဲ့ CEC အစည်းအဝေးအတွင်းမှာ ရွေးကောက်ပွဲအောင်နိုင်ရေးဆောင်ပုဒ်တွေနဲ့ ကိုယ်စားလှယ်တွေရဲ့ ကိုယ်ရေးရာဇဝင်တွေကို လက်ကမ်းစာစောင်တွေနဲ့ ဝေဖို့၊ ဗီနိုင်းကပ်ဖို့ စတဲ့အချက်တွေလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။
“မဲဆန္ဒနယ်တစ်နယ်မှာဆိုရင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရှိမယ်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ရှိမယ်။ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ရှိမယ်။ ၃ ယောက်ပေါင်းပြီး ဒါကို ပုံနှိပ်ရိုက်နှိပ်ပြီး ဝေပါဆိုတဲ့ဟာလေးကို ကျနော်တို့ သတ်မှတ်ချက်လေး ချပေးနိုင်ခဲ့တယ်။ နောက်တခါ ဗီနိုင်းတွေထောင်ပြီဆိုလို့ရှိရင်လည်း သတ်မှတ်စည်းကမ်းချက်တွေ ရှိတဲ့အတွက် ဗီနိုင်းကိုလည်း တပြေးညီဖြစ်ရအောင်ဆိုပြီးတော့ ကျနော်တို့ တခါတည်း Format လေး ချပေးလိုက်တာပေါ့။”
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အာဏာရပါတီ အန်အယ်လ်ဒီအနေနဲ့ ကိုယ်စားလှယ်လောင်း ၁၁၄၃ ဦး ရွေးချယ်ထားပြီး ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
သတင်း - ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)