အီရန်ရွေးကောက်ပွဲ ပြည်သူသန်းချီ ဆန္ဒမဲပေး

အီရန်နိုင်ငံတ၀န်းမှာ သမ္မတ မာမွတ် အမာဒီနီဂျက် နေရာကို ဆက်ခံမယ့် သမ္မတရွေးကောက်ပွဲတွေကို ဒီနေ့ကျင်းပရာမှာ မနက် ၈ နာရီ မဲရုံတွေ စဖွင့်ကတည်းက သန်းနဲ့ချီတဲ့ အီရန်အမျိုးသား၊ အမျိုးသမီးတွေဟာ  မဲရုံအသီးသီးမှာ တန်းစီ ဆန္ဒမဲပေးခဲ့ကြပါတယ်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ သန်း ၅၀ ကျော်ရှိပြီး ညနေ ၆ နာရီမှာ မဲရုံတွေပိတ်မှာ ဖြစ်ပေမယ့် မဲပေးသူများရင်တော့ ညသန်းခေါင်ထိ အချိန်တိုးပေးနိုင်တယ်လို့ ပြည်ထဲရေးဌာနက ကြေညာထားပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၄ နှစ်၊ ၂၀၀၉ ခုနှစ်က အမာဒီနီဂျက် ဒုတိယသက်တမ်းအတွက် အငြင်းပွားဖွယ်ရာ  အနိုင်ရရှိခဲ့တဲ့ ရွေးကောက်ပွဲအပြီး ပထမဆုံးအကြိမ်ကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်။ သမ္မတလောင်း ၆ ဦးယှဉ်ပြိုင်ရာမှာ  ပြုပြင်ပြောင်းလဲရေးသမားတွေကတော့ အစွန်းမရောက်တဲ့ ဘာသာရေးခေါင်းဆောင် ဟက်ဆန် ရိုယူဟာနီ အနိုင်ရ နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ ရိုယူဟာနီက နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးပြီး မီဒီယာကဏ္ဍမှာ အပြောင်းအလဲတွေလုပ်မယ်လို့ ရွေးကောက်ပွဲမတိုင်ခင်က ကတိပေးထားတာပါ။ သူ့ရဲ့  တခြားပြိုင်ဘက် သမ္မတလောင်းတွေကတော့ ကွန်ဆာဗေးတစ်ရှေးရိုးစွဲတွေဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း အလီ အကဘာ လီလာရတီ၊ တီဟီရန်မြို့တော်ဝန် မိုဟာမက် ဘာကွာကူလီဘာ့ဖ်နဲ့ နယူးကလီးယား အရေးညှိနှိုင်းဆောင်ရွက်သူ ဆာအိဂျာလီလီစသူတို့ သမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ရပါတယ်။ သမ္မတ ဒီနီဂျက်ကတော့ အခြေခံဥပဒေအရ တတိယ အကြိမ် ထပ်မံအရွေးခံလို့ မရနိုင်တော့ပါဘူး။  အီရန် ဘာသာရေးခေါင်းဆောင် အယာတိုလာ အလီခါမီနီကတော့  မြို့တော်တီဟီရန်က မဲရုံတခုမှာ လာရောက်မဲပေးပြီးနောက်  လူထုကို မဲပေးကြဖို့ ရုပ်မြင်သံကြားကနေ လှုံ့ဆော်ပြောကြားခဲ့ပါတယ်။ သူကြိုက်တဲ့သမ္မတလောင်းကိုတော့ လူသိထင်ရှားထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။ ဆန္ဒမဲရလဒ်တွေကို ဇွန် ၁၅ ရက်နေ့ ကြေညာမယ်လို့ မျှော်လင့်ရပြီး သမ္မတလောင်းတွေအနေနဲ့ လိုအပ်တဲ့ မဲအရေအတွက် တ၀က်ကျော်မရရင် ဒုတိယအကြိမ် ရွေးကောက်ပွဲတွေကို လာမယ့်သီတင်းပတ်မှာ ပြန်ကျင်းပမှာဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲကို နိုင်ငံခြားက လေ့လာသူတွေ စောင့်ကြည့်ခြင်းမရှိဘဲ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မီဒီယာ ထုတ်လွှင့်ချက်တွေဟာလည်း မျှတမှုမရှိဘဲ ဘက်လိုက်မှုတွေရှိနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up