စစ်တွေတွင် ပြည်တွင်းကူးစက်သည့် ကိုဗစ်-၁၉ လူနာသစ် ၆ ဦးတွေ့ရှိ၊ စုစုပေါင်း ၅၄ ဦးရှိလာ
DVB
·
August 23, 2020
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ပြည်ပခရီးသွားရာဇဝင်မရှိတဲ့ ကိုဗစ်-၁၉ လူနာသစ် ၆ ဦး တွေ့ရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့ည ၈ နာရီ ထုတ်ပြန်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၄၆၉ ခု၊ ဆေးသုတေသနဦးစီးဌာနက ၂၂၇ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) က ၁၆၈ ခုနဲ့ ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့က ၄၁ ခု စုစုပေါင်း ၉၀၅ ခုအား ဒီနေ့ညနေ စစ်ဆေးပြီးစီးခဲ့ပြီး အတည်ပြုလူနာသစ် ၆ ဦး တွေ့ရှိခဲ့တာပါ။
လူနာသစ်အမှတ် ၄၄၅၊ ၄၄၇၊ ၄၄၈၊ ၄၄၉၊ ၄၅၀ တို့ဟာ ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုမရှိခဲ့ဘဲ လူနာသစ် ၄၄၆ ကတော့ ထိတွေ့မှုရှိခဲ့တယ်လို့ ဆိုပါတယ်။
လူနာသစ်အမှတ် ၄၅၀ က စစ်တွေပြည်သူ့ဆေးရုံမှာ စောင့်ကြည့်နေသူဖြစ်ပြီး ကျန် ၅ ဦးကတော့ ရောဂါကူးစက်နိုင်ခြေများတဲ့ အုပ်စုအား စစ်ဆေးရာမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတာလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ သူတို့အားလုံးကို စစ်တွေပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူစေမယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ သြဂုတ် ၁၆ ရက်ကနေ ဒီနေ့ညအထိ ကိုဗစ်-၁၉ လူနာသစ် ၅၉ ဦးရှိပြီဖြစ်ပြီး စစ်တွေက ၅၄ ဦး၊ မြောက်ဦးက ၃ ဦးနဲ့ သံတွဲက ၂ ဦးတို့ ဖြစ်ပါတယ်။
နိုင်ငံတဝန်းလုံးမှာတော့ ဒီနေ့ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၅၀၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၃၄၁ ဦးအနက် ဆေးရုံက ဆင်းခွင့်ပြုခဲ့ပြီးသူ ၃၃၅ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၂၈ ဦးရှိပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၃ ဒသမ ၄ သန်းကျော်၊ သေဆုံးသူ ၈ သိန်းကျော်နဲ့ ရောဂါပိုးကင်းစင်လာသူ ၁၅ ဒသမ ၉ သန်းကျော်ရှိပြီလို့ သိရပါတယ်။