မွန်ပြည်နယ်တွင် အရေးကြီးကုန်စည်များ စျေးတင်ရောင်းချခြင်း ရှိ၊ မရှိ စစ်ဆေး
DVB
·
August 23, 2020
မွန်ပြည်နယ်မှာ ကိုဗစ်ကာလ အရေကြီးကုန်စည်တွေကို စျေးတင် ရောင်းချခြင်း ရှိ၊ မရှိကို သြဂုတ် ၂၃ ရက်နေ့မှာ ပြည်နယ်စားသုံးသူရေးရာ ဦးစီးဌာနက ရှောင်တခင် လိုက်လံ စစ်ဆေးနေပါတယ်။
ကိုဗစ်ကာလမှာ အရေးကြီးကုန်စည်တွေဖြစ်တဲ့ ကုသရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းတွေ ဆေးဝါးတွေနဲ့ စားသုံးကုန်ပစ္စည်းတွေကို စျေးတင် ရောင်းချတာတွေ မလုပ်ကြဖို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အခုလို စစ်ဆေးရတာဟာ ရခိုင်ပြည်နယ်မှာ ကိုဗစ်ရောဂါပိုး ဖြစ်ပွားသူ ဆက်တိုက်မြင့်တက်လာပြီးနောက် ပြည်နယ်အတွင်း စျေးတင်ရောင်းချတာတွေ မလုပ်အောင် သတိပေးတဲ့အနေနဲ့ လိုက်လံစစ်ဆေးနေတာလို့ မွန်ပြည်နယ် စားသုံးသူဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးခင်အောင်သွင်က DVB ကို ပြောပါတယ်။
အရေကြီး ကုန်စည်တွေကို ဈေးနှုန်းမြှင့်တင် ရောင်းချတာတွေ၊ ဈေးကစားဖို့ ရည်ရွယ်ပြီး သိုလှောင်တာတွေ လုပ်ဆောင်ရင် အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေအရ ဖော်ထုတ် အရေးယူသွားမယ်လို့ ဆိုပါတယ်။
အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေအရ ဖောက်ဖျက် ကျူးလွန်သူတွေကို ထောင်ဒဏ် ၃ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်။
ဇော်လွင်ထွဋ်