ဆီးဂိမ်းအတွက် ပြိုင်ပွဲဝင်မည့် ရွက်လှေများ အသင့်ပြင်ပြီးဟုဆို

ဆီးဂိမ်းပြိုင်ပွဲမှာ အသုံးပြုမယ့် ရွက်လှေတွေ အသင့်ပြင်ထားပြီးဖြစ်သလို သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်ကလည်း လာရောက်စစ်ဆေး အတည်ပြုပြီးဖြစ်တယ်လို့ အားကစားဝန်ကြီးဌာနက ပြောပါတယ်။ မြန်မာ့ဆီးဂိမ်းပြိုင်ပွဲ ရွက်လှေအားကစားပြိုင်ပွဲမှာ အသုံးပြုမယ့် ရွက်လှေတွေဟာ ဟောင်းနွမ်းနေတယ်လို့ ပြိုင်ပွဲဝင်နိုင်ငံတခုက ဝေဖန်ချက် ထွက်ပေါ်လာတဲ့အပေါ် အားကစားဝန်ကြီးဌာန ယှဉ်ပြိုင်ရေးနဲ့ လေ့ကျင့်ရေးဌာန ညွှန်ကြားရေးမှူး ဦးသက်လွင်က အခုလို ပြောကြားလိုက်တာပါ။ “ရွက်လှေအဖွဲ့ချုပ်ရော၊ အားကစားဝန်ကြီးဌာနရောကနေ ပြိုင်ပွဲဝင်နိုင်ငံတွေက ၀င်ပြိုင်ပြီးတော့ လှေမပါလို့ လာစီးမယ့် လှေမှန်သမျှ ဒီကနေ နိုင်ငံတကာအဆင့်မီ လှေစီးလို့ရအောင် စီစဉ်ထားပါတယ်။ သက်ဆိုင်ရာနိုင်ငံက သူ့လှေသူ ယူလာမယ်ဆိုရင်လည်း ရတယ်။ ရွက်လှေသဘောသဘာဝကတော့ ပြိုင်ပွဲသွားရင် ပြိုင်ပွဲဝင်နိုင်ငံက ကိုယ့်ပစ္စည်းနဲ့ကိုယ် ပြိုင်တာ။ လာပြိုင်ရင်လည်း သူတို့ပစ္စည်းနဲ့ သူ လာပြိုင်မှာပါ။ ဒီကလှေသုံးမယ်ဆို ဒီက အပြည်ပြည်ဆိုင်ရာအသိအမှတ်ပြု ပစ္စည်း၊ လှေ ဒါကို စီစဉ်ဆောင်ရွက်ပေးထားပါမယ်။” နိုင်ငံတကာပြိုင်ပွဲတွေရဲ့ စည်းမျဉ်းဥပဒေအတိုင်း ကျွမ်းကျင်သူတွေရဲ့ စစ်ဆေးမှု ခံယူထားပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။ “နိုင်ငံတကာ ပြိုင်ပွဲရဲ့ စည်းမျဉ်းဥပဒေတွေအရ ပြိုင်ပွဲမကျင်းပခင် သက်ဆိုင်ရာ အာရှအဖွဲ့ချုပ်တို့ကနေ ကျွမ်းကျင်တဲ့ နည်းပညာ၊ နည်းစနစ်ပိုင်းဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တွေဟာ ကျင်းပမယ့်နေရာ၊ အသုံးပြုမယ့် ကွင်းနဲ့ ပစ္စည်းတွေကို သူတို့ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းနဲ့ မှီ၊ မမှီ လာစစ်ပါတယ်။ စစ်တဲ့သူတွေ ခွင့်ပြုမှလုပ်လို့ရတာပါ။ အဲပုဂ္ဂိုလ်တွေ ဖိတ်ကြားပြီး လာစစ်ဆေးတာကို ခံယူထားပြီး ဖြစ်ပါတယ်။ လိုအပ်တာတွေကိုလည်း ပြိုင်ပွဲမတိုင်ခင်ထိ လာစစ်ဆေးတာကို ဆက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။” လတ်တလော မြန်မာ့ရွက်လှေအားကစားသမားတွေဟာ စင်ကာပူနဲ့ ဥရောပနိုင်ငံတချို့ကို သွားရောက် လေ့ကျင့်နေကြတယ်လို့လည်း ပြောပါတယ်။ ဒီဇင်ဘာဆီးဂိမ်းမှာ ပြိုင်ပွဲဝင်ဖို့ ရွက်လှေအားကစားလက်ရွေးစင် ၁၁ ဦး ရွေးချယ်ထားပြီး လေ့ကျင့်နေပါတယ်။ မြန်မာရွက်လှေအသင်းဟာ ပြိုင်ပွဲကျင်းပမယ့် ဧရာဝတီတိုင်း၊ ငွေဆောင်ကမ်းခြေမှာ လာမယ့် ဩဂုတ်လကစပြီး ပြိုင်ပွဲကျင်းပမယ့် ဒီဇင်ဘာအထိ စခန်းဝင်လေ့ကျင့်မှာ ဖြစ်တယ်လို့ မြန်မာ့ရွက်လှေအသင်းကနေ စုံစမ်းသိရှိရပါတယ်။ မြန်မာ့ရွက်လှေအားကစားအဖွဲ့ဟာ ၁၉၆၁ ခုနှစ်၊ ဒုတိယအကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကတည်းက စတင်ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး၊ အဲ့ဒီတုန်းက ပြိုင်ပွဲကို ရန်ကုန်မြို့၊ အင်းယားကန်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲ ၂ ခုမှာ ရွှေ ၂ ခု စတင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ အနီးဆုံးအောင်မြင်မှုအနေနဲ့ ၂၀၀၁ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲမှာ ရွှေ ၃ ခု ရရှိထားပြီး လာမယ့် ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာ့ရွက်လှေအသင်းရဲ့ အဓိကပြိုင်ဘက်တွေက စင်ကာပူ၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up