မက်ဂွိုင်းယားကို လက်ရွေးစင်တွင် ရွေးသင့်မသင့် နည်းပြဆောက်ဂိတ် စဉ်းစားနေ

ဂရိနိုင်ငံမှာ ခိုက်ရန်ဖြစ်ခဲ့တဲ့ နောက်ခံလူ မက်ဂွိုင်းယားကို လက်ရွေးစင်အသင်းမှာ ပြန်လည်ရွေးချယ် သင့်မသင့် စဉ်းစားနေတယ်လို့ အင်္ဂလန်လက်ရွေးစင်နည်းပြဆောက်ဂိတ်က ပြောပါတယ်။ အင်္ဂလန်လက်ရွေးစင် မက်ဂွိုင်းယားဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဂရိနိုင်ငံမှာ အပန်းသွားဖြေရင်း ရန်ပွဲတစ်ခုမှာ ပါဝင်ခဲ့တာပါ။ မက်ဂွိုင်းယားဟာ ရန်ပွဲကို လာရောက်ဖြေရှင်းခဲ့တဲ့ ဂရိရဲတပ်ဖွဲ့ဝင်တွေကိုလည်း ပြန်လည်တိုက်ခိုက်ခဲ့တာကြောင့် တခြားဗြိတိန်သား ၂ ဦးနဲ့အတူ ဖမ်းဆီးခံခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့ ဂရိတရားရုံးမှာ အမှုရင်ဆိုင်နေရပြီး လျှောက်လဲချက် ပေးထားတယ်လို့ သိရပါတယ်။  အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကတော့ မက်ဂွိုင်းယားရဲ့ ဖြေရှင်းချက် အပြည့်အစုံကို သိရဖို့ စောင့်ဆိုင်းနေပြီး လက်ရွေးစင်အသင်းမှာ ပြန်လည်ရွေးချယ်သင့်မသင့် ဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။  အင်္ဂလန်အသင်းဟာ လာမယ့်စက်တင်ဘာ ၅ ရက်နဲ့ ၈ ရက်တွေမှာ နေးရှင်းလိဂ်ပွဲစဉ်တွေအဖြစ် အိုက်စလန်၊ဒိန်းမတ်အသင်းတွေနဲ့ ရင်ဆိုင်ကစားရဖို့ ရှိနေပါတယ်။

//
More News
Up