စစ်တွေနှင့် မြောက်ဦးတွင် ပြည်ပခရီးသွားရာဇဝင်မရှိသည့် ကိုဗစ်-၁၉ လူနာသစ် ၆ ဦး တွေ့ရှိ
DVB
·
August 22, 2020
ရခိုင်ပြည်နယ် စစ်တွေနဲ့ မြောက်ဦးမြို့နယ်တို့မှာ ပြည်ပခရီးသွားရာဇဝင်မရှိတဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၆ ဦး တွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒီနေ့ည ၈ နာရီ ထုတ်ပြန်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၃၄၀ ခု၊ ဆေးသုတေသနဦးစီးဌာနက ၁၂၇ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ၂၇၆ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က ၁၀၉ ခုနဲ့ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးက ၃၉ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၈၉၁ ခုအား ဒီနေ့ည စစ်ဆေးပြီးစီးခဲ့ပြီး အတည်ပြုလူနာသစ် (၆) ဦး တွေ့ရှိခဲ့တာပါ။
လူနာသစ် ၆ ဦးမှာ စစ်တွေမြို့က ၄ ဦးနဲ့ မြောက်ဦးမြို့က ၂ ဦးဖြစ်ပြီး သူတို့ဟာ စောင့်ကြည့်လူနာတွေနဲ့ အသွားအလာကန့်သတ်ထားသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်တွေမြို့က လူနာသစ် ၄ ဦးဟာ ကိုဗစ်-၁၉ အတည်ပြုလူနာတွေ နဲ့ ထိတွေ့မှုမရှိဘဲ မြောက်ဦးမြို့က လူနာသစ် ၂ ဦးကတော့ ထိတွေ့မှု ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ သူတို့ကို စစ်တွေနဲ့ မြောက်ဦး ပြည်သူ့ဆေးရုံတွေမှာ ဆေးကုသမှု ခံယူစေမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဒီနေ့ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၄၁ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၃၃၈ ဦးအနက် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးသူ ၃၃၅ ဦးနဲ့ စောင့်ကြည့်လူနာ အသစ် ၄၀ ရှိပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၃ ဒသမ ၁ သန်းကျော်၊ သေဆုံးသူ ၈ သိန်းကျော်နဲ့ ရောဂါပိုးကင်းစင်လာသူ ၁၅ ဒသမ ၇ သန်းကျော်ရှိတယ်လို့ သိရပါတယ်။