မွန်ပြည်နယ်တွင် Mask မတပ်ဘဲ ဈေးရောင်းချသူများကို ပြင်းထန်စွာ အရေးယူတော့မည်

စစ်တွေမှာ ကိုဗစ်ရောဂါပိုး ဖြစ်ပွားသူ ဆက်တိုက်မြင့်တက်လာပြီးနောက် မွန်ပြည်နယ်အတွင်း စျေးတွေ၊ စားသောက်ဆိုင်တွေနဲ့ လက်ဖက်ရည်ဆိုင်တွေမှာ Mask မတပ်တာနဲ့ social distancing အတိုင်း စျေးမရောင်းချတဲ့ သူတွေကို ပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သွားတော့မှာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမှာ ကိုဗစ်ရောဂါပိုး ကူးစက်သူတွေ ဆက်တိုက်မြင့်တက်လာခဲ့တာပါ။ အဲဒီကူးစက်မှုတွေမှာ အရင်ထက် ၁၀ ဆ ကူးစက်မြန်တဲ့ ကိုဗစ်ရောဂါပိုးကိုလည်း တွေ့ရှိထားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုထားပါတယ်။
အခုလို အခြေအနေတွေကြောင့် မွန်ပြည်နယ်အတွင်းရှိ စျေးတွေ၊ စားသောက်ဆိုင်တွေနဲ့ လက်ဖက်ရည်ဆိုင်တွေမှာ Mask မတပ်တာနဲ့ social distancing အတိုင်း စျေးမရောင်းချတဲ့သူတွေကို ပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သွားတော့မယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ပြောပါတယ်။
ပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်ဆောင်နိုင်ဖို့ ရက်ပိုင်းအတွင်း အရေးပေါ် အစည်းအဝေးခေါ်ပြီး ပြစ်ဒဏ်တွေ သတ်မှတ်ကြေညာသွားဖို့ ရှိနေပါတယ်။ မွန်ပြည်နယ်မှာတော့ ပြီးခဲ့တဲ့ကာလတုန်းက စျေးရောင်းချပြီး Mask မတပ်သူတွေကို အရေးယူမှု အားနည်းခဲ့ပါတယ်။
ဒါကြောင့် အခုလို အခြေအနေမှာ ဌာနဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ရောဂါကြိုတင်ကာကွယ်အတွက် ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သွားဖို့ လိုအပ်နေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် ကိုဘိုဘိုဝင်းက ပြောပါတယ်။
မွန်ပြည်နယ်မှာတော့ ပြီးခဲ့တဲ့ ကာလတုန်းက Mask မတပ်တာနဲ့ social distancing အတိုင်း စျေးမရောင်းချတဲ့ ဆိုင်တွေကို ပထမအကြိမ် စစ်ဆေးတွေ့ရှိရင် ဆိုင် ၃ ရက်ပိတ်တာ၊ ဒုတိယအကြိမ် ၁၀ ရက် ပိတ်တာတွေကိုပဲ လုပ်ဆောင်နိုင်ခဲ့တာပါ။
လက်ရှိမှာတော့ Mask မတပ်တာနဲ့ social distancing အတိုင်း စျေးမရောင်းချတဲ့သူတွေကို စနစ်တကျ ထိန်းချုပ်ကိုင်တွယ်သွားဖို့အတွက် မွန်ပြည်နယ် အစိုးရအဖွဲ့က စည်ပင်သာယာရေးအဖွဲ့ကို ညွှန်ကြားထားပါတယ်။
သြဂုတ် ၁၆ ရက်ကနေ ဒီနေ့မနက်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၄ ဦးနဲ့ မြောက်ဦးမှာ ၁ ဦး စုစုပေါင်း ၄၅ ဦး ရှိပြီလို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၃၅ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၃၃၇ ဦးအနက် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးသူ ၃၃၁ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၄၅ ဦးရှိပါတယ်။
ဇော်လွင်ထွဋ်