A d v e r t i s e m e n t With Us

ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရှိရမည်ဟု KNU ဒုဥက္ကဋ္ဌပြော

ပြည်နယ်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ နိုင်ငံရဲ့သမိုင်းကြောင်းနဲ့လည်း ဆိုင်သလို တနိုင်ငံလုံးနဲ့ဆိုင်တဲ့ကိစ္စ ဖြစ်လို့ ပြည်နယ်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရှိကိုရှိရမယ်လို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။ “ကျနော် နားလည်ရသလောက်ကတော့ တချက်ကတော့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ အချုပ်အခြာအာဏာ အတိုင်းအတာတခု၊ ဒါကြောင့်မို့လို့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက ကျနော်တို့နိုင်ငံရဲ့ သမိုင်းကြောင်းနဲ့လည်း ဆိုင်တယ်။ ပြည်ထောင်စု တနိုင်ငံလုံးနဲ့ဆိုင်တဲ့ကိစ္စ သူ့ရဲ့ အချုပ်အခြာအာဏာပဲပြောပြော၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပဲပြောပြော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရှိရမယ်” လို့ ပဒိုစောကွယ်ထူးဝင်းက DVB ကို ပြောပါတယ်။ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး နောက်ဆုံးနေ့မှာ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ပင်လုံ စတုတ္ထအစည်းအဝေး ၃ ရက်တာအတွင်း တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် ၁၅ ချက်၊ ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်နဲ့ အဆင့်လိုက် အကောင်အထည်ဖော်မှုတွေနဲ့ ဒီမိုကရေစီ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူ သဘောတူညီချက် ၅ ချက်ပါ ဆွေးနွေးခဲ့ပါတယ်။ ပြည်နယ်တွေရဲ့ ကိုယ်ပိုင်အခြေခံဥပဒေ ရေးဆွဲခွင့်၊ တနည်းအားဖြင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံချက်ဟာ သဘောတူစာချုပ်မှာ မပါဝင်ခဲ့ဘဲ ဆက်လက်ဆွေးနွေးရန်ဆိုတဲ့ အချက်အနေနဲ့ ကျန်ရှိခဲ့တာဟာ ပြည်နယ်အခြေခံဥပဒေနဲ့ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေစကားရပ် အခေါ်အဝေါ် ညှိယူလို့ မရတဲ့အတွက်လို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က သြဂုတ် ၁၉ ရက်က စတင်ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံဖွင့်ပွဲ မိန့်ခွန်းမှာ ပြောပါတယ်။ ဝေါဟာရတွေပေါ်မှာ အနက်အဓိပ္ပာယ်ကောက်ယူဖွင့်ဆိုမှုတွေရဲ့ အကျိုးဆက်လို့ ဆိုနိုင်ပါတယ်။ ဒါဟာ တကယ်တော့ နှစ်ဘက်စလုံးမှာ ရှိနေတဲ့ စိုးရိမ်မှုတွေပါပဲ။ ဒီစိုးရိမ်မှုတွေကို ထပ်ပြီး စိစစ်သုံးသပ်ကြည့်လိုက်ရင် သံသယတွေနဲ့ ကြည့်မြင်နေကြလို့ အပြန်အလှန်ယုံကြည်မှု အားနည်းလို့ဆိုတာကို အတိုင်းသား မြင်နိုင်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။ ညီလာခံမှာ တိုင်းရင်းသားတွေ မျှော်လင့်ထားတဲ့ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို မရရှိခဲ့တဲ့အတွက် ဆက်လက်ဆွေးနွေးသွားရန် လိုအပ်တယ်လို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုခေါင်းဆောင် စောမြရာဇာလင်းက ပြောပါတယ်။ “ကျမတို့က ဒီတစ်ခေါက်တော့ ပြည်နယ်ဖွဲ့စည်းပုံရမယ်လို့ မျှော်မှန်းခဲ့တာ။ ပြည်နယ်ဖွဲ့စည်းပုံ ရမယ်ဆိုရင် ကျမတို့ မျှော်မှန်းတာတွေ ၅၀ ရာခိုင်နှုန်း ရောက်တယ်လို့ ပြောလို့ရတာပေါ့။ ဒါပေမဲ့ အခုက တစ်ဆို့မှုတွေ များသွားတယ်။”  နေပြည်တော်မှာ ၃ ရက်ကြာ ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေး နောက်ဆုံးနေ့မှာတော့ စကားလုံးအခေါ်အဝေါ်ကြား ညှိနှိုင်းမှုတွေ ဆက်လက်လုပ်ဆောင်မှုတွေ ရှိနေပေမယ့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ ကို လက်မှတ်ရေးထိုးခဲ့ပြီ ဖြစ်ပါတယ်။ ရဲမင်းခေါင်

A d v e r t i s e m e n t With Us

More News
Up