ကချင်ပြည်နယ်တွင် Mask ဈေးနှုန်း သုံးဆခန့်မြင့်တက်
DVB
·
August 22, 2020
ကချင်ပြည်နယ် မြစ်ကြီးနား၊ ဖားကန့်၊ ဟိုပင်၊ မိုးညှင်း၊ ဗန်းမော်မြို့တွေမှာ နှာခေါင်းစည်းဈေးနှုန်းတွေ သုံးဆခန့် မြင့်တက်လာပြီး ဆေးဆိုင်တွေမှာ ပစ္စည်းပြတ်လပ်တဲ့အထိ ဝယ်ယူသူများနေတယ်လို့ ဆေးဆိုင်တွေဆီက သိရပါတယ်။
သြဂုတ် ၂၀ ရက်နေ့ ညနေပိုင်းက သုံးလွှာနှာခေါင်းစည်း တခုကို ၆၀ ကျပ်ပေးရပြီး ၂၂ ရက်နေ့မနက်ပိုင်းမှာတော့ တခုကို ၁၅၀ ကျပ်ကျော်အထိ ဈေးမြင့်တက်သွားပြီး နောက်ရက်တွေမှာ ဈေးပိုတက်လာနိုင်တယ်လို့ အွန်လိုင်းကနေ နှာခေါင်းစည်းရောင်းချနေတဲ့အမျိုးသမီးတစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါစတင်ဖြစ်ပွားချိန်က နှာခေါင်းစည်းဈေးနှုန်းတွေ မြင့်တက်ခဲ့သလို ရခိုင်ပြည်နယ်အတွင်း ပြည်တွင်း ကိုဗစ်-၁၉ ကူးစက်မှုတွေ ပြန်တွေ့ပြီးတဲ့နောက် အခုလိုဈေးတွေ ပြန်လည်မြင့်တက်လာတာ ဖြစ်ပါတယ်။
ဆိုင်မှာ ပစ္စည်းပြတ်တဲ့အထိ ဖြစ်နေပြီး မန္တလေးကလည်း ဝယ်လို့မရသလို တရုတ်ဘက်ကလည်း လောလောဆယ် ဝယ်မရဘူးလို့ မြစ်ကြီးနားမြို့ပေါ်ရှိ ဆေးဆိုင်ပိုင်ရှင် ကိုအောင်အောင်က ပြောပါတယ်။
ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ကတော့ နှာခေါင်းစည်းတွေကို ဈေးတင်မရောင်းချဖို့ သြဂုတ် ၂၁ ရက်နေ့က မေတ္တာရပ်ခံစာ တစ်စောင်ထုတ်ပြန်ထားပါတယ်။