Home
မြန်မာသတင်း
စတုတ္ထအကြိမ်၂၁ ရာစုပင်လုံတွင် ပြည်ထောင်စုသဘောတူစာချုပ်အပိုင်းသုံးကို စာချုပ်ချုပ်ဆို
ဇေယျာချမ်းအေး
·
August 21, 2020
အဆိုပြုချက် သုံးခုပါဝင်တဲ့ ပြည်ထောင်စုသဘောတူစာချုပ် အပိုင်း သုံးကို ဩဂုတ် ၂၁ ရက်နေ့ မနက်ပိုင်းက နေပြည်တော်မှာ ကျင်းပနေတဲ့ ၂၁ ရာစုပင်လုံအစည်းအဝေးမှာ အတည်ပြုချုပ်ဆိုနိုင်ခဲ့ပါတယ်။ သဘောတူ ချုပ်ဆိုခဲ့တဲ့ အဆိုပြုချက်သုံးခုကတော့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်တွေ၊ ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်တွေနဲ့ အဆင့်လိုက်အကောင်အထည်ဖော်ဖို့ အဆိုပြုချက်တွေ၊ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အ‌ခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူတွေဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “လေးနှစ်တာကာလအတွင်း ကျမတို့ စိတ်ရောကိုယ်ပါ အကောင်းဆုံးကြိုးစားခဲ့ပါတယ်။ စိတ်မပျက်ကြဖို့ အားမလျော့ကြဖို့ ပြောခဲ့ပါတယ်။ အခုပြည်ထောင်စုသဘောတူစာချုပ်အပိုင်းသုံးကို လွယ်လွယ်ကူကူရခဲ့တာမ ဟုတ်ပါဘူး။ နိုင်ငံရေး အနိမ့်အမြင့်အတက်အကျတွေနဲ့ ကိုဗစ်-၁၉ ပြဿနာကြားမှာ ခက်ခက်ခဲခဲရရှိခဲ့တဲ့ သဘောတူစာချုပ်ဖြစ်ပါတယ်။ အခြေခံမူပဲမဟုတ်တော့ပါဘူး။ လက်တွေ့ကျကျ ဆောင်ရွက်နိုင်မယ့်  အချက်တွေပ ါဝင်လာပါတယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်နိုင်ငံတည်ဆောက်မယ်ဆိုတာ သံသယဖြစ်စရာ မရှိတော့ပါဘူး” လို့ ပြောပါတယ်။ ပြည်ထောင်စုသဘောတူစာချုပ်အပိုင်းသုံးမှာ အစိုးရအစုအဖွဲ့ကိုယ်စားလှယ် ဒေါက်တာတင်မျိုးဝင်း၊ လွှတ်တော်အစုအဖွဲ့ကိုယ်စားလှယ် ဒေါက်တာ မေဝင်းမြင့်၊ တပ်မတော်အစုအဖွဲ့ကိုယ်စားလှယ် ဗိုလ်ချုပ်တင်မောင်ဝင်း၊ ‌တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့ ကိုယ်စားလှယ် နိုင်အောင်မငေး၊ နိုင်ငံရေးပါတီအစုအဖွဲ့ကိုယ်စားလှယ် ဦးသုဝေတို့က လက်မှတ်ရေးထိုးခဲ့တာပါ။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024