ရခိုင်ပြည်နယ်ရှိ ကျောင်းအားလုံး ပြန်ပိတ်၊ စစ်တွေ၌ Stay at Home အမိန့်ထုတ်ပြန်
ပိုင်စိုး
·
August 21, 2020
ပြည်တွင်းကူးစက်လူနာတွေ ဆက်တိုက်တွေ့ရပြီးနောက် ရခိုင်ပြည်နယ်ထဲက ကျောင်းတွေအားလုံး ပြန်ပိတ်ထားဖို့နဲ့ စစ်တွေမြို့နယ်ကို Stay at Home အမိန့် ထုတ်ပြန်လိုက်ပါတယ်။
အခုတွေ့ထားရတဲ့ အတည်ပြုလူနာတွေထဲမှာ ပြည်ပခရီးသွားရာဇဝင်မရှိသူတွေ ပါနေတာ ကြောင့် ပြည်တွင်းကူးစက်မှုလို့ ကနဦးသုံးသပ်ထားကြောင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ဆိုပါတယ်။
ဒါကြောင့် ရခိုင်ပြည်နယ်ထဲမှာ လက်ရှိဖွင့်ထားတဲ့ ကျောင်းတွေအားလုံး ယာယီပိတ်ထား ကြဖို့နဲ့ နောက်ထပ်ဖွင့်ဖို့ စီစဉ်ထားတဲ့ အထက်တန်းကျောင်းတွေကိုလည်း ဆိုင်းငံ့ထားဖို့ ညွှန်ကြားလိုက်ပါတယ်။
ပြီးတော့ စစ်တွေမြို့နယ်ကနေ တခြားပြည်နယ်နဲ့ တိုင်းတွေကို သွားမယ့်သူတွေရှိရင် ရခိုင်ပြည်နယ်အစိုးရက စိစစ်ခွင့်ပြုဖို့၊ ရောက်ရှိမယ့် ပြည်နယ်နဲ့ တိုင်း ဝင်ပေါက်တို့မှာလည်း ၂၁ ရက်ကြာ ကန့်သတ်စောင့်ကြည့်မှာဖြစ်သလို ဓာတ်ခွဲနမူနာ ၂ ကြိမ်ရယူ စစ်ဆေးမယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်ထဲကို လာဖို့ရှိတဲ့ နိုင်ငံခြားသားတွေကိုတော့ ပြည်နယ်ထဲမှာ ၂ လလောက် နေထိုင်ရမှာဖြစ်ပြီး ပြန်ထွက်လာရင်လည်း မူလဒေသမှာ ၂၁ ရက်ကြာ အသွားအလာကန့်သတ် စောင့်ကြည့်ခံရမှာဖြစ်သလို ကိုယ့်စရိတ်နဲ့ကိုယ် ကိုဗစ်-၁၉ ဓာတ်ခွဲတာ ၂ ကြိမ်လုပ်ရမယ်လို့ ဆိုပါတယ်။
Stay at Home အမိန့်ကိုတော့ ကျန်းမာရေးဝန်ကြီးက ထုတ်ပြန်တာဖြစ်ပြီး အစိုးရဌာန၊ အဖွဲ့အစည်းနဲ့ ကုမ္ပဏီအလုပ်ရုံတို့မှာ လုပ်ကိုင်သူတွေကလွဲပြီး အိမ်မှာပဲနေကြဖို့၊ မဖြစ်မနေ ဈေးဝယ်ထွက်ဖို့ အတွက် တအိမ်က တယောက်ပဲ ထွက်ဖို့၊ ဆေးရုံ ဆေးခန်းကို ၂ ယောက်ပဲ သွားဖို့၊ အပြင်ထွက်ရင် နှာခေါင်းစည်းတပ်ကြဖို့ ထုတ်ပြန်ပါတယ်။
ပြီးတော့ သတ်မှတ်ထားတဲ့ ရပ်ကွက်တွေကလွဲပြီး ကျော်လွန်မသွားဖို့၊ ဈေးဝယ်ထွက်ရင် ယာဉ်ပေါ်မှာ ယာဉ်မောင်းနဲ့ နောက်တယောက်၊ ဆေးရုံဆေးခန်းသွားရင် ယာဉ်ပေါ်မှာ ယာဉ်မောင်းနဲ့ နောက် ၂ ယောက်ထက် မပိုဖို့ စတာတွေကို ညွှန်ကြားထားပါတယ်။
ရခိုင်ပြည်နယ်မှာ ပြည်ပခရီးသွားရာဇဝင်မရှိသူ တချို့ဆီမှာ ကိုဗစ်-၁၉ စစ်ဆေးတွေ့ပြီး နောက်ပိုင်း ဆက်တိုက်လူနာတွေ တွေ့လာရပြီး မနေ့ညနဲ့ ဒီနေ့မနက် ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်မှာလည်း လူနာ ၁၃ ယောက်တွေ့တာမှာ ၁ ယောက်ပဲ အတည်ပြုလူနာနဲ့ တိုက်ရိုက် ထိတွေ့ခဲ့သူဖြစ်ပြီး ကျန်တဲ့သူတွေကတော့ လူနာနဲ့ထိတွေ့ခဲ့သူတွေဆီကတဆင့် ကူးစက်တာ ဖြစ်ပါတယ်။