ကိုဗစ်-၁၉ ကပ်ဘေးကင်းရေး မလုပ်ပါက အစိုးရကို တရားစွဲမည်ဟု နယူးယောက်ဆရာများ သတိပေး

1.2K
အမေရိကန်၊ နယူးယောက်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ရှိ၊မရှိ တင်းတင်းကြပ်ကြပ် စစ်ဆေးဖို့နဲ့ တခြား ဘေးကင်းရေး လုပ်ဆောင်ချက်တွေကို အကောင်အထည် မဖော်ခဲ့ရင် သပိတ်မှောက်တာ၊ တခြားအလုပ်ပြောင်းတာ ဒါမှမဟုတ် အစိုးရကို ပြန်တရားစွဲတာ လုပ်မယ်လို့ ပြည်နယ်ကျောင်းဆရာတွေက သြဂုတ် ၁၉ရက်မှာ သတိပေးလိုက်ပါတယ်။
လာမယ့်လမှာ အမေရိကန်နိုင်ငံအတွင်း ကျောင်းတွေ ပြန်ဖွင့်ဖို့ မစီစဉ်ခင် ကျောင်းဆရာများ ညီညွတ်သောအသင်းချုပ်က ခုလို သတိပေးလိုက်တာပါ။
ဒီအသင်းချုပ်ဟာ ပြည်သူပိုင်ကျောင်းတွေက ကျောင်းဆရာ၊ ဆရာမ ၁ သိန်း ၃ သောင်း ၃ ထောင်ကျော်ကို ကိုယ်စားပြုပါတယ်။
ဒါကြောင့် စက်တင်ဘာလ ၁၀ ရက်က စပြီး အတန်းတွင်း စာသင်ကြားမှုနဲ့ အွန်လိုင်းကနေ သင်ကြားမှု ၂ ရပ်ကို ပူးပေါင်းသင်ကြားရေး ကျောင်းပြန်ဖွင့်မယ့် နယူးယောက်မြို့တော်ဝန်ရဲ့ အစီ အစဉ်ဟာ နှောင့်နှေးသွားနိုင်ပါတယ်။
မြို့တော်ဝန်ရဲ့ အစီအစဉ်ထဲမှာ ကျောင်းသားတွေရော၊ ကျောင်းဝန်ထမ်းတွေပါ တလတခါ အနည်းဆုံးထားပြီး ကိုရိုနာဗိုင်းရပ်စ် ရှိ၊မရှိ စစ်ဆေးမယ့် အစီအစဉ်နဲ့ ကျောင်းသားတွေ ၆ပေ ခွာထိုင်ရမယ့် စည်းမျဉ်းအပြင် ကျောင်းကားပေါ်မှာပါ မျက်နှာကာတွေ ဝတ်ရမယ့် အစီအစဉ်တွေ ပါပါတယ်။
ဆရာများသမဂ္ဂကတော့ ကျောင်း အဆောက်အအုံတွေအတွင်း လေဝင်လေထွက် စနစ်နဲ့ ပိုတင်းကြပ်တဲ့ အစီအစဉ်တွေ လုပ်ပေးဖို့ ဆော်သြထားပါတယ်။
အမေရိကန်ကျောင်းတွေနဲ့တက္ကသိုလ်တွေ အတော်များများက ဒီသီတင်းပတ်ထဲမှာ ကျောင်းသားတွေ စာသင်ခန်းတွေနဲ့တက္ကသိုလ် ပရဝုဏ်ထဲ ပြန်ရောက်ဖို့ ကြိုဆိုရေး အစီ အစဉ်တွေကို စတင်ခဲ့ပါတယ်။
ချီကာဂို ကျောင်းခရိုင်မှာတော့ ဆရာများသမဂ္ဂက သပိတ်မှောက်မယ်လို့ ခြိမ်းခြောက်ထား လို့ စာသင်ခန်းတွေ ပြန်ဖွင့်မယ့် အစီအစဉ်ကို ရွှေ့ဆိုင်းပြီး ကျောင်းသားပေါင်း ၃ သိန်းခွဲဟာ နိုဝင်ဘာ ၆ ရက် မရောက်ခင်ထိ အဝေးသင်စနစ်နဲ့ ကျောင်းတက်ဖို့ စီစဉ်ခဲ့ပါတယ်။