A d v e r t i s e m e n t With Us

ထောက်ပံ့ငွေအလွဲသုံးစားမှု တိုင်ကြားချက်ကြောင့် မအူပင် ကျေးရွာအုပ်ချုပ်ရေးမှူးကို စစ်ဆေး

နိုင်ငံတော်ရဲ့ ထောက်ပံ့ပေးငွေတွေကို အလွဲသုံးစားလုပ်တယ်ဆိုပြီး အတိုင်ခံရတဲ့ ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ ပေကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ကော်မတီဖွဲ့ စစ်ဆေးနေပါတယ်။ တိုင်ကြားခံရတဲ့ ပေကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မြဌေးအပါအဝင် ကျေးရွာ တာဝန်ရှိသူတွေဟာ နိုင်ငံတော်က လက်လုပ်လက်စားများအား ထောက်ပံ့ပေးအပ်တဲ့ ငွေကျပ် ၂ သောင်းကို အပြည့်အဝမပေးတာတွေနဲ့ ရသင့်ရထိုက်သူတွေကို ချန်လှပ်ထားခဲ့တယ်လို့ဆိုကာ ဒေသခံ ၃၀ လောက်က တိုင်ကြားခဲ့တာကြောင့် ကော်မတီဖွဲ့စစ်ဆေးနေတာလို့ ဒေသခံတွေက ပြောပါတယ်။ တိုင်တန်းခဲ့သူ ဦးဇော်ဝင်းက "အလုပ်မရှိဘဲ စားဝတ်နေရေး ခက်ခဲတဲ့သူတွေကို ထောက်ပံ့တာဆိုတော့ သတ်မှတ်ထားတဲ့ အချက်တွေနဲ့ ထောက်ပံ့မှုပေးတယ်လို့ သိရပြီး အခုဟာက တအိမ်ထောင် ၈၀၀၀ ပေး၊  ၁၈၀၀၀ ပေး၊ ၁၀၀၀၀ ပေးနဲ့ ညီမျှမှု မရှိဘူး၊ လမ်းစရိတ်ဆိုပြီးလည်း ဖြတ်တာက်သေးတယ် လုံးဝပွင့်လင်းမြင်သာမှု မရှိဘူး။ လက်သင့်ရာတွေပေးတယ်၊ ရွာမှာကအဆင်မပြေတဲ့ သူတွေကအ များကြီးပဲ။ ဆွေမျိုးတွေ၊ သူနဲ့ ပတ်သက်ရာ ပတ်သက်တဲ့သူတွေပဲ အဓိကရကြတော့ ကျနော်တို့ အုပ်စုက မကျေနပ်လို့ လက်မှတ်ထိုးပြီး အယောက် ၃၀ ကျော် မြိုနယ်အုပ်ချုပ်ရေးမှူးကို တိုင်တန်းခဲ့တာပါ" လို့ ပြောပါတယ်။ သြဂုတ် ၁၉ ရက်နေ့ကစတင်ကာ တိုင်တန်းသူတွေကို စစ်ဆေးနေပြီး ပေကုန်းကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေနဲ့အတူ တိုင်ကြားခဲ့သူတွေကိုလည်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနဲ့ သက်ဆိုင်ရာ ဌာနဆိုင်ရာဝန်ထမ်းတွေပါဝင်တဲ့ ကော်မတီက မအူပင်မြို့ စားသုံးသူရေးရာရုံးမှာ စစ်ဆေးနေ တယ်လို့ ဆိုပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး တိုင်တန်းခံရသူ ပေကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ကို ဖုန်းနဲ့အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေကြားခြင်းမရှိခဲ့ပါ။ ပြီးခဲ့တဲ့ ဇူလိုင်လကလည်း ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်မှာ နိုင်ငံတော်က ပုံမှန်ဝင်ငွေ မရှိတဲ့ အိမ်ထောင်စုတွေကို ထောက်ပံ့တဲ့ ငွေကျပ် သိန်း ၅၀ ကျော်အား ပြည်သူကိုမပေးဘဲ အလွဲသုံးစားပြုလုပ်ခဲ့တဲ့ ကံဘဲ့လေး‌  ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို မြောင်းမြမြို့မရဲ့စခန်းမှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့က သိရပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)

A d v e r t i s e m e n t With Us

More News
Up