မော်လမြိုင်-ရန်ကုန်ခရီးစဉ် လေအိတ်မီးရထား သြဂုတ် ၂၂ ရက်နေ့ ပြေးဆွဲမည်

လုံခြုံရေးအတွက် CCTV တွေပါ တပ်ဆင်ထားတဲ့ လေအိတ်မီးရထားကို မော်လမြိုင်-ရန်ကုန် ခရီးစဉ်မှာ စတင်ပြေးဆွဲပေးတော့မှာ ဖြစ်ပါတယ်။
လေအိတ်မီးရထားဟာ မော်လမြိုင်-ရန်ကုန် ခရီးစဉ်မှာ ပထမဦးဆုံးပြေးဆွဲမယ့် လေအိတ်မီးရထားလည်း ဖြစ်ပါတယ်။
လေအိတ်မီးရထားကိုတော့ လာမယ့် သြဂုတ် ၂၂ ရက်နေ့ကစပြီး မော်လမြိုင်-ရန်ကုန်၊ ရန်ကုန်-မော်လမြိုင် ခရီးစဉ် နှစ်ခုစလုံးမှာ တပြိုင်နက်တည်း ပြေးဆွဲပေးသွားတော့မှာ ဖြစ်ပါတယ်။
ဒီလေအိတ်မီးရထားမှာတော့ လုံခြုံရေးအတွက် CCTV တွေပါ တပ်ဆင်ထားတဲ့အပြင် ပျံကျစျေးသည်တွေကို စျေးရောင်းခွင့်ပေးသွားမှာ မဟုတ်ဘဲ အသင့်စား အစားအသောက်တွေကို မီးရထားဌာနက တာဝန်ယူ ရောင်းချပေးသွားမယ်လို့ မြန်မာမီးရထား တိုင်း အမှတ်(၈) တိုင်းတာဝန်ခံ ဦးတင်ထွန်းအောင်က ပြောပါတယ်။
ဒီလေအိတ်မီးရထား ခရီးစဉ်အနေနဲ့ နေ့စဉ် ည ၉ နာရီမှာ မော်လမြိုင်-ရန်ကုန်၊ ည ၈ နာရီမှာ ရန်ကုန်-မော်လမြိုင်ကို ပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်။
လက်မှတ်ယူရာမှာ ရန်ကုန်-မော်လမြိုင် လာမယ့်သူတွေအနေနဲ့ ၃ ရက် ကြိုတင် ဝယ်ယူရာမှာ ဖြစ်ပြီး မော်လမြိုင်-ရန်ကုန်ခရီးစဉ်အတွက် ၁ ရက် ကြိုတင်ဝယ်ယူရာမှာ ဖြစ်ပါတယ်။
လက်မှတ်စျေးနှုန်းအနေနဲ့ ရိုးရိုးတန်း ငွေကျပ် ၄၀၀၀၊ အထူးတန်း ငွေကျပ် ၈၀၀၀ နှုန်း ရောင်းချပေးသွားမယ်လို့ မော်လမြိုင်ဘူတာ လက်မှတ်ရုံတာဝန်ခံ ဦးနေမျိုးကျော်စောထွန်း က ပြောပါတယ်။
ဒါအပြင် ဒီလေအိတ်မီးရထားဟာ ပုံမှန်မီးရထားတွေထက် ပိုပြီး ခရီးသည်တွေကို သက်တောင့်သက်သာ ရှိမယ်လို့ ဆိုပါတယ်။
လေအိတ်မီးရထားဟာ ပေါင်၊ သထုံနဲ့ ကျိုက်ထိုအပါအဝင် ဘူတာ ၅ ခုမှာပဲ ရပ်နားသွားမှာ ဖြစ်တယ်။ ခရီးစဉ်ကြာချိန်အနေနဲ့ ၉ နာရီ ကြာမြင့်မှာ ဖြစ်ပြီး နောက်ပိုင်း ၇ နာရီသာ ကြာမြင့်အောင် မီးရထားလမ်း အဆင့်မြှင့်တင်တာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဇော်လွင်ထွဋ်