ဇလွန်မြို့နယ်အတွင်း မြစ်ကမ်းပြိုကျမှုနှင့် လေဘေးသင့်အိမ်ထောင်စုများကို ထောက်ပံ့

ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်အတွင်း မြစ်ကမ်းပါးပြိုကျမှုနဲ့ လေဘေးသင့်အိမ်ထောင်စု တွေကို သြဂုတ် ၁၇ ရက်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှုးရုံးမှာ ကယ်ဆယ်ရေးရန်ပုံငွေတွေ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ ဟင်္သာတခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက သိရပါတယ်။ ဇလွန်မြို့နယ် ကျေးရွာအုပ်စု ၃ စုမှာ သြဂုတ် ၁၃ ရက်နေ့က မြစ်ကမ်းပါးပြိုကျခဲလို့ ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရတဲ့ အိမ် ၈ လုံးနဲ့ သြဂုတ် ၁၅ ရက်နေ့က ကျေးရွာအုပ်စု ၆ စုမှာ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျခဲ့တဲ့ နေအိမ် ၁၀ လုံးအတွက်ထောက်ပံ့ ပေးအပ်ခဲ့တာလို့ ဧရာဝတီတိုင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ညွန်ကြားရေးမှူး ဦးသန်းစိုးက ပြောပါတယ်။ "အိမ်ဆောက်ပစ္စည်းများအတွက် ထောက်ပံ့ငွေရယ်၊ သဘာဝဘေးသင့် မိသားစုတွေအတွက် ထောက်ပံ့ငွေရယ်၊ ကယ်ဆယ်ရေးပစ္စည်းတွေရယ် ထောက်ပံ့ပေးအပ်တာပါ" လို့ ပြောပါတယ်။ မြစ်ကမ်းပါးပြိုကျခဲ့လို့ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရတဲ့ အိမ် ၈ လုံးအတွက် အိမ်ထောင်စု ၁ စုကို အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ ၁ သိန်းကျပ်နှုန်းနဲ့ ၈ သိန်းကျပ်၊ ဆန်ရိက္ခာ တပတ်စာအတွက် ၁ ဦးကို ကျပ် ၂၁၀၀ နှုန်းနဲ့ လူ ၄၃ ဦးအတွက် ထောက်ပံ့ငွေ ကျပ် ၉၀၃၀၀  ပေးခဲ့တယ်လို့ ဆိုပါတယ်။ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျခဲ့တဲ့ နေအိမ် ၁၀ လုံးအတွက် အိမ် ၁ လုံးကို အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ ၁ သိန်းကျပ်နှုန်းနဲ့ ငွေကျပ် ၁ဝ သိန်းနဲ့ ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး၊ အမိုးလန်အိမ် ၉ လုံး အတွက် အိမ်တလုံးကို အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ ၃ သောင်းကျပ်နှုန်းနဲ့ ကျပ် ၂ သိန်း ၇ သောင်းကျပ်၊ ဆန်ရိက္ခာ တပတ်စာအတွက် တဦးကို ကျပ် ၂၁၀၀ နှုန်းနဲ့ လူ ၇၆ ဦးအတွက် ၁၅၉,၆၀၀ ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့တာပါ။ ဧရာဝတီတိုင်းအတွင်းက မြို့နယ် ၂၆ မြို့နယ်မှာ ဟင်္သတခရိုင်က မြစ်ကမ်းပါးပြိုကျတာနဲ့ လေပြင်းတိုက်ခတ်မှု အများဆုံးခံရတဲ့ ခရိုင်ဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး  ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မှတ်တမ်းတွေအရ သိရပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up