အဆင်မပြေသည့် သက်ကြီး LGBT အလှဖန်တီးရှင်များကို ငွေကြေးလှူဒါန်းခဲ့သည့် အဆိုတော် Ar-T

969
အဆိုတော် Ar-T ဟာ အွန်လိုင်းဂီတပလက်ဖောင်းတခုဖြစ်တဲ့ Joox Myanmar မှာ ပရိသတ်တွေ မဲပေးရွေးချယ်တဲ့ JOOX 2020 Half Year Award ဆု ၂ ဆုရရှိခဲ့ပြီး အဲဒီဆု ၂ ဆုလုံးကို ပရိသတ်တွေနဲ့ အလှူအဖြစ် လှူဒါန်းခဲ့ပါတယ်။
ဒီဆုကိုတော့ Ar-T က ဖြိုးမြတ်အောင်၊ ချမ်းမြေ့မောင်ချိုတို့နဲ့အတူ ရေပန်းစား သီချင်းဆုနဲ့ အနုပညာရှင်ဆု ၂ ခုလုံးမှာ ပါဝင်ရွေးချယ်ခံခဲ့ရတာပါ။
၂၀၂၀ ပြည့်နှစ် နှစ်ဝက်ကာလအတွင်း ရေပန်းစားခဲ့တဲ့ အနုပညာရှင်တွေနဲ့ သီချင်းတွေကို ရွေးချယ်ပေးအပ်တဲ့ ဒီဆုအတွက်ကိုတော့ ပြီးခဲ့တဲ့ ဩဂုတ် ၃ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ပရိသတ်တွေကို မဲပေးရွေးချယ်စေခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ နှစ်ဝက်ကာလ ရေပန်းအစားဆုံး အနုပညာရှင် ၅ ယောက်အဖြစ် ဖြိုးမြတ်အောင်၊ ချမ်းမြေ့မောင်ချို၊ Ar-T တို့နဲ့အတူ ဘင်ဂျမင်ဆုန်း၊ စိုင်းစိုင်းခမ်းလှိုင်တို့ကို ရွေးချယ်ခဲ့ကြပါတယ်။
ရေပန်းအစားဆုံးသီချင်း ၅ ပုဒ်ဆုမှာတော့ ဖြိုးမြတ်အောင်ရဲ့ ဒုတိယဘုရားသခင်၊ ချမ်းမြေ့မောင်ချိုရဲ့ Loser ၊ Ar-T ရဲ့ အိပ်မက်လေးသီချင်းတွေနဲ့အတူ ဖြူဖြူကျော်သိန်းရဲ့ ထွက်သွားပါတော့၊ အိမ့်ချစ်ရဲ့ နည်းနည်းလေးချစ်ပေးပါ သီချင်းတွေကို ပရိသတ်တွေက ရွေးချယ်ခဲ့ကြတာပါ။
လတ်တလောမှာတော့ ဆုရရှိသူ အဆိုတော် Ar-T က သူရရှိတဲ့ ဆု ၂ ဆုကို ၂ ပုံခွဲဝေပြီး ပရိသတ်အားလုံးရဲ့ အလှူအနေနဲ့ လှူဒါန်းလိုက်တာ ဖြစ်ပါတယ်။
“ကျနော် ဒီဆုရချင်ခဲ့တဲ့အကြောင်းရင်းက ပရိသတ်နဲ့အတူတူ အလှူလုပ်ချင်တဲ့ ဆန္ဒပါ၊ အခုဆန္ဒပြည့်ဝခဲ့ပါပြီ။ ခက်ခဲတဲ့ ကိုဗစ် ကာလမှာ ရခဲ့တဲ့ဆုဖြစ်တဲ့အတွက် ဆု ၂ ဆုရဲ့ တန်ကြေးအတိုင်း ကျနော်နဲ့အတူတူ ကျနော့်ရဲ့သီချင်းတွေကို ရေးပေးဖန်တီးပေးတဲ့ တေးရေးဆရာများ, အတီး, mixing & mastering, harmony များ, ကျနော့်ကို လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းကအား ပေးခဲ့ပြီး ဆုရဖို့ vote ပေးခဲ့တဲ့ ချစ်ပရိသတ်သူငယ်ချင်းများနဲ့ Myanmar BL Fandom အားလုံးအားလုံးရဲ့ အလှူဒါနအဖြစ် ကျနော် အမှတ်တရဖြစ်အောင်လှူခဲ့ပါတယ်။ ဆုတန်ကြေးငွေကျပ်သိန်း ၃၀ ကို ၂ပုံခွဲပြီး မိတ်ကပ်ပညာရှင်များ ပါဝင်ဖွဲ့စည်းထားတဲ့ "ဆေးရောင်ခြယ်တွဲလက်တဖက်" အဖွဲ့ မှတစ်ဆင့် အဆင်မပြေ ကြပ်တည်းနေသော သက်ကြီး LGBT အလှဖန်တီးရှင် ၂၅ ဦးအတွက် ၁၅ သိန်းကျပ်တိတိ နဲ့ ကျန် ၁၅ သိန်းကို လမ်းသွားရင်းတွေ့တဲ့ ရုန်းကန်လုပ်ရှားနေတဲ့ သက်ကြီးဝန်ထမ်းများ ၁၈ ဦးတိတိကို တယောက်လျှင် ၈၀၀၀၀ တိတိ ခွဲဝေလှူတန်းခဲ့ပါတယ်။ အလှူအတွက် အားလုံးသာဓုခေါ်ကြပါနော်။”
အခုရွေးချယ်ခံရတဲ့ အနုပညာရှင်၊ သီချင်းတွေအနေနဲ့ ၂၀၂၀ ပြည့်နှစ် တနှစ်တာအတွက် ရွေးချယ်ချီးမြှင့်မယ့် JOOX Myanmar Music Award 2020 ဆုရဲ့ ဆန်ကာတင် Nominee List ထဲမှာ ပါဝင်ခွင့်ရမယ်လို့ သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ကျင်းပခဲ့တဲ့ ၂၀၁၉ ခုနှစ် တနှစ်တာ Joox 2019 Top Ten Artists of The Year Awards ဆုတွေကိုတော့ ဂီတအနုပညာရှင်တွေဖြစ်ကြတဲ့ Big Bag၊ စိုင်းစိုင်းခမ်းလှိုင်၊ ရွှေထူး၊ နီနီခင်ဇော်၊ Ar-T ဝိုင်းစုခိုင်သိန်း၊ ဘန်နီဖြိုး၊ X-Box ၊ အိုင်ရင်းဇင်မာမြင့်နဲ့ Eternal Gosh တေးဂီတအဖွဲ့တွေက အသီးသီး ဆွတ်ခူးရရှိသွားခဲ့ကြပါတယ်။
ရုပ်သံကြည့်ရှုရန် - https://www.facebook.com/officiallyart/videos/693952434796000/