Homeမြန်မာသတင်း
စစ်တွေမြို့ ရပ်ကွက်နှင့်လမ်းအချို့ လော့ဒေါင်းချ၊ မြို့မစျေးကြီးကို နေ့ဝက်သာ ရောင်းခွင့်ပြု
စစ်တွေမြို့ ရပ်ကွက်နှင့်လမ်းအချို့ လော့ဒေါင်းချ၊ မြို့မစျေးကြီးကို နေ့ဝက်သာ ရောင်းခွင့်ပြု
DVB
·
August 21, 2020
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆ ဦးရဲ့ နေထိုင်ရာ နေအိမ်၊ ရပ်ကွက်နဲ့ လမ်းတွေကို သြဂုတ် ၂၀ ရက်နေ့မှ စတင်ပြီး အသွားအလာကန့်သတ်လိုက်ပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့အမိန့်နဲ့ သြဂုတ် ၂၁ ရက်ကစပြီး စစ်တွေမြို့မစျေးကြီးကို နေတစ်ဝက်သာ ရောင်းချဖို့နဲ့ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်တွေကိုလည်း ပါဆယ်စနစ်နဲ့သာ ရောင်းချဖို့ သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။
စစ်တွေမြို့ ကျန်မာရေးဌာမှ တာဝန်ရှိသူတဦးက "ဟုတ်ပါတယ်။ ဒီနေ့ကစပြီး ရောဂါပိုးတွေ့ရှိထားတဲ့ လူနာ ၆ ဦးနေထိုင်ခဲ့တဲ့ နေအိမ်၊ ရပ်ကွက်၊ လမ်းတွေကို လော့ဒေါင်းချလိုက်တာပါ။ ဒီလိုလုပ်ရတာက အဲဒီဧရိယာထဲကို ပြင်ပလူတွေ မဝင်စေဖို့ အဓိကရည်ရွယ်ပါတယ်။ နောက်ပြီး ရပ်ကွက်နေအိမ်တွေက လူတွေကိုလည်း အတတ်နိုင်ဆုံးနေအိမ်တွေမှာပဲ နေကြဖို့ တိုက်တွန်းထားတယ်။ နောက်စျေးကြီးကိုလည်း နေတဝက်သာဖွင့်လှစ်ကြဖို့ သတ်မှတ်လိုက်တယ်" လို့ ပြောပါတယ်။
စစ်တွေမြို့ပေါ်ရှိ အသွားအလာကန့်သတ်ထားတဲ့ လမ်းတွေကတော့ ဓညဝတီ (ခ) ရပ်ကွက်ရှိ စန္ဒာမုနိလမ်း၊ မြို့သူကြီး ရပ်ကွက် ဖက်ဖူလမ်း၊ လမ်းမတော်တောင်ရပ်ကွက်၊ ရဲကျော်သူကျောင်း လမ်းနဲ့ အောင်ဇံဝေလမ်းကြားရှိ အောင်ဇံဝေလမ်းသွယ်၊ ရဲကျော်သူ ကျောင်းလမ်းသွယ်၊ DRC (NGO)ရုံး၊ ပြည်တော်သာရပ်ကွက်ရှိ မြောက်စံပြဓမ္မာရုံဘေးလမ်း၊ နီးစပ်ရာရပ်ကွက် မိဇံလမ်း၊ ရွှေသာလမ်း၊ ငပိန်လမ်းတို့ဖြစ်တယ်လို့ သိရပါတယ်။
စစ်တွေမြို့မှာ ကိုဗစ်ရောဂါပိုးတွေ့လူနာ ထပ်တိုးလာတာကြောင့် ပြည်နယ်အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ အခုလို စည်းကမ်းသတ်မှတ်ရတာလို့ စစ်တွေမြို့နယ်စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူတွေက DVB ကိုပြောပါတယ်။
စစ်တွေမြို့မှာ လက်ရှိ ကိုဗစ်-၁၉ လူနာသစ် ၆ ဦး တွေ့ရှိထားပေမဲ့ စစ်တွေမြို့ပေါ်နေ ပြည်သူတွေကတော့ လူစုလူဝေးရှိတဲ့ နေရာတွေမှာ MASK မတပ်ဘဲ သွားလာနေကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် ကျန်းမာရေးဌာနကလည်း အသိပညာပေးတာ၊ စည်းကမ်းတင်းကြပ်တာတွေ လုပ်ဆောင်တဲ့အပိုင်းမှာ အားနည်းနေပြီး လက်ဆေးဖို့ နေရာတွေလည်း သတ်မှတ်လုပ်ဆောင်ပေးထားတာ မရှိဘူးလို့ သိရပါတယ်။