A d v e r t i s e m e n t With Us

ဧရာဝတီတိုင်း၌ ပထမအကြိမ်မဲစာရင်းထုတ်ပြန်မှုတွင် ကြည့်ရှုသူ ၄၀ ရာခိုင်နှုန်းခန့်ရှိ

ဧရာဝတီတိုင်းမှာ ပထမအကြိမ်မဲစာရင်း မဲပေးပိုင်ခွင့်ရှိသူ ၁၈ သိန်းနီးပါး (၄၀ ရာခိုင်နှုန်းခန့်) မဲစာရင်း လာရောက်ကြည့်တယ်လို့ တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်က DVB ကို ပြောပါတယ်။ “ကျနော်တို့ မဲစာရင်းကပ်ထားတဲ့နေရာမှာ လာကြည့်တာ ၁၇၇၀၀၀၀ ‌‌ကျော်တယ်၊ မဲစာရင်းကအရင် ကျေးရွာအုပ်စုမှာပဲ ကပ်လို့ရတယ်။ UEC က ညွန်ကြားတာ ကျေးရွာတွေအထိ ကပ်ပါပြောတဲ့အတွက် အဲဒီမှာများသွားတာ။”  ဧရာဝတီတိုင်းဒေသကြီးမှာ ၂၀၂၀ ရွေးကောက်ပွဲ မဲပေးပိုင်ခွင့်ရှိသူ ၄၄ သိန်းကျော်ရှိပြီး၊ မဲရုံ ၅၇၀၀ ကျော်ရှိပါတယ်။ ပထမအကြိမ် မဲစာရင်းအား ရပ်ကျေးရုံးတွေမှာ ၂၁ ရက် ကပ်ထားခဲ့တယ်လို့ သိရပါတယ်။ ပထမအကြိမ် ၂၁ ရက် မဲစာရင်းကပ်ပြီး မဲစာရင်းမပါသူများ ပုံစံ-၃ နဲ့  လာရောက်လျှောက်ထားမှု ၇၁၀၀၀ ကျော်ရှိပြီး၊ ပုသိမ်နဲ့ ဒေးဒရဲမြို့နယ်တို့မှာ လာရောက်လျှောက်ထားသူ များတယ်လို့ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက သိရှိရပါတယ်။  ပုသိမ်မြို့မှာ မဲစာရင်းလာရောက်လျှောက်ထားသူ ၁၁၀၀၀ ကျော်ရှိတယ်လို့ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောပါတယ်။ ဒါ့အပြင် သေဆုံးသူတွေ ပါဝင်နေတာနဲ့ ရွှေ့ပြောင်းသွားသူတွေ စာရင်းကို လာရောက်ကန့်ကွက်သူတွေ ရှိတယ်လို့ ဆိုပါတယ်။ “ကန့်ကွက်တဲ့သူတွေလည်းရှိတယ်၊ ၂၇၀၀၀ ကျော်ရှိတယ်။ အများစုက သေဆုံးသူများဖြစ်တယ်။“ မဲစာရင်းလျှောက်ထားမှုတွေကို မြို့နယ်မဲစာရင်းစိစစ်ရေးကော်မတီကို ရောက်ရှိပြီးဖြစ်ကာ မြို့နယ်စိစစ်ရေးကော်မတီမှာ မြို့နယ်ကော်မရှင်က ဥက္ကဋ္ဌ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက ဒုတိယဥက္ကဋ္ဌ၊ မြို့နယ် လ.၀.က ဦးစီးမှူးက အတွင်းရေးမှူးဖြစ် ဖွဲ့စည်းပြီး မဲစာရင်းတွေ ပြန်လည်စိစစ်နေတယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်းဒေသကြီးမှာ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ ပထမအကြိမ်မဲစာရင်းထုတ်ပြန်ချိန်ကလည်း လာရောက်ကြည့်ရှုသူ ၂၄ ရာခိုင်နှုန်းသာရှိတယ်လို့ သိရပါတယ်။ စည်သူမောင်မောင်

A d v e r t i s e m e n t With Us

More News
Up