ရှမ်းတပ်နှင့်ယူအန်အိုဒီစီ ဘိန်းအစားထိုး သီးနှံစိုက်ရေးကိစ္စ ဆွေးနွေး
နန်းမြနဒီ
·
June 13, 2013
ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ရဲ့ စစ်ဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီအဖွဲ့ဝင်တွေဟာ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှုဆိုင်ရာရုံး (ယူအန်အိုဒီစီ) တာဝန်ရှိသူတွေနဲ့ ဒီနေ့ တွေ့ဆုံပြီး ရှမ်းပြည်နယ်အတွင်း ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရေး စံပြစီမံကိန်းတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။
ရှမ်းအဖွဲ့နဲ့ ယူအန်အိုဒီစီ မြန်မာနိုင်ငံဆိုင်ရာ ဌာနေမန်နေဂျာ ဂျေဆန်အဲလစ်ရှ်တို့ ရန်ကုန်မြို့ ယူအန်အိုဒီစီရုံးမှာ ဆွေးနွေးခဲ့တာလို့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းရဲ့ ပြောခွင့်ရ ဗိုလ်ကြီး စိုင်းဆိုင်မိုင်းက ပြောပါတယ်။
[caption id="attachment_40572" align="alignright" width="300" caption="ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် မစ္စတာ ဂျေဆန်အဲလစ်ရှ် "][/caption]
“အောက်တိုဘာလထဲမှာ မူးယစ်ဗဟိုရယ်၊ ယူအန်အိုဒီစီရယ်၊ အာရ်စီအက်စ်အက်စ်ရယ် တာချီလိတ်မှာ ဆွေးနွေးခဲ့တဲ့အတိုင်း စံပြစီမံကိန်းတွေ လုပ်ဖို့ မိုင်းပန်နဲ့ မိုးနဲ့နေရာမှာ ကွင်းဆင်းနေဖို့လည်း ကျနော့်ဘက်က ဆွေးနွေးတာ ရှိတယ်။ ဘယ်လိုလက်တွဲလုပ်ဆောင်မလဲဆိုတာလည်း ဆွေးနွေးထားတာ ရှိတယ်။ စံပြစီမံကိန်းလုပ်မယ့် နေရာတွေမှာ ကွင်းဆင်းပြီး လေ့လာထားတာရှိတယ်။ အဲဒါနဲ့ ပတ်သက်ပြီးလည်း ယူအန်အိုဒီစီကို လာပြောပြပါတယ်။”
ရှမ်းပြည်တပ်မတော်တောင်ပိုင်း နဲ့ ယူအန်အိုဒီစီတို့ဟာ မြန်မာနိုင်ငံ မူးယစ်ဗဟိုအဖွဲ့နဲ့လည်း ထပ်မံတွေ့ဆုံဖို့ရှိကြောင်း၊ စီမံကိန်းတွေ ဆောင်ရွက်ရဖို့နဲ့ လုံခြုံရေးအတွက် နယ်မြေခံတပ်မတော်တွေနဲ့လည်း တွေ့ဆုံရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
စီမံကိန်းနယ်မြေမှာ လုံခြုံရေးအတွက်ကလွဲလို့ စစ်တပ်ကင်းလွတ်တဲ့ နယ်မြေဖြစ်သင့်ကြောင်း၊ လက်နက်ကိုင်တပ်ဖွဲ့တွေ ၀င်ထွက်သွားလာခြင်းအားဖြင့် ဒေသခံပြည်သူတွေအတွက် ကြောက်ရွံ့မှုတွေ ဖြစ်စေကြောင်း စတာတွေလည်း ဆွေးနွေးခဲ့တယ်လို့ ဗိုလ်ကြီး စိုင်းဆိုင်မိုင်းက ပြောပါတယ်။
ယူအန်အိုဒီစီ နဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့တို့ရဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ တွေ့ဆုံဆွေးနွေးမှုမှာ ရှမ်းပြည်တောင်ပိုင်း မိုးနဲနဲ့ မိုင်းပန်မြို့နယ်ထဲမှာ ခန့်မှန်း လေ့လာမှု ဆောင်ရွက်ရေးအပြင် ဘိန်းအစားထိုးစီမံကိန်းရွေးချယ်ရေး၊ လူထုနဲ့ဆွေးနွေးရေး၊ စံပြအစားထိုးစီမံကိန်းမှာ အစိုးရ၊ ယူအန်အိုဒီစီနဲ့ ရှမ်းပြည်တပ်မတော်တို့ အမြန်ဆုံးပူးပေါင်းဆောင်ရွက်ရေး၊ ယူအန်အိုဒီစီက နည်းပညာပံ့ပိုးကူညီရေး၊ စီမံကိန်းကုန်ကျစရိတ်အတွက် အပြည်ပြည်ဆိုင်ရာ အလှူရှင်တွေဆီက ရရှိရေးအတွက် ညှိနှိုင်းဆောင်ရွက်ရေး၊ သတင်းအချက်အလက်ဖလှယ်ရေး၊ မူးယစ်ဆေးဝါးအသိပညာပေးရေး၊ လုံခြုံရေး စတဲ့ အချက် ၉ ချက် ပါဝင်ပါတယ်။
ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ စစ်ဦးစီးချုပ်ဟာ မနေ့က ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး နဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ပေါ်ပေါက်ရေးကိစ္စ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့မှာ ရောက်ရှိနေတဲ့ ဥရောပမြန်မာရုံးက စ၀်ဟန်ညောင်ရွှေ၊ ရှမ်းနိုင်ငံရေးပါတီ ၂ ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါဝ်း၊ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း နာယက ဗိုလ်ချုပ်ဆေးထင် တို့နဲ့လည်း ညစာစားပွဲမှာ အလွတ် သဘော တွေ့ဆုံခဲ့ပါတယ်။
ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့ဟာ ဇန် ၁၄ ရက်နေ့မှာလည်း ၂၀၁၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီတွေ၊ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းနဲ့ ရွှေဂုံတိုင်က တော်ဝင်ပုလဲနှင်းဆီခန်းမမှာ တွေ့ဆုံမယ်လို့ ဗိုလ်ကြီး စိုင်းဆိုင်မိုင်းက ပြောပါတယ်။