ရန်ကုန်ဆေးရုံကြီးတွင် ယမန်နှစ်က လူနာ ၆ သိန်းကျော် ကုသပေးခဲ့၊ ကင်ဆာဌာန အများဆုံးဖြစ်
ပိုင်စိုး
·
August 20, 2020
ရန်ကုန်ဆေးရုံကြီးမှာ ပြီးခဲ့တဲ့ နှစ်အတွင်း လူပေါင်း ၆ သိန်းကျော်ကုသပေးခဲ့ပြီး ဓာတ်ရောင်ခြည်နဲ့ ကင်ဆာဆေးကုဌာနမှာ အများဆုံးကုသပေးခဲ့ရပါတယ်။
ပြင်ပလူနာဌာနမှာကုသရေးဌာနပေါင်း ၃၂ ခုက လူနာပေါင်း ၅၂၀,၀၀၀ ကျော်ကို ကုသပေးခဲ့ပြီး အတွင်းလူနာဌာနမှာတော့ ကုသရေးဌာနပေါင်း ၁၇ ခုက လူနာပေါင်း ၈၉,၀၀၀ ကျော်ကို ကုသပေးခဲ့ပါတယ်။
ကင်ဆာနဲ့ပတ်သက်ပြီးတော့ ဓာတ်ရောင်ခြည်ဌာနနဲ့ ကင်ဆာဆေးကုဌာနမှာ လူနာသစ်ပေါင်း ၁၁,၀၀၀ ကျော်ကို ကုသပေးခဲ့ပြီး လူနာဟောင်းကတော့ ၁ သိန်းခွဲကျော်ပါတယ်။
ကင်ဆာလူနာတွေကို ကုသပေးတာဟာ စုစုပေါင်းလူနာတွေရဲ့ သုံးပုံတပုံလောက်ရှိနေ တာပါ။ အထွေထွေရောဂါတွေကုသပေးတဲ့ ဆေးပညာဌာနကတော့ လူနာစုစုပေါင်း ၅ သောင်းကျော်ကို ကုသပေးခဲ့ပြီး ဒုတိယအများဆုံးဖြစ်ပါတယ်။
ပြင်ပလူနာဌာနဟာ လူနာဟောင်းပေါင်း ၃၆၅၀၀၀ ကျော်ကို ကုသပေးခဲ့ပြီး လူနာသစ်ထဲမှာတော့ အရေးပေါ်ဌာနနဲ့ အရေးပေါ်ထိခိုက်ဒဏ်ရာဌာနမှာ လူနာပေါင်း ၈ သောင်းလောက်ကို ကုသပေးခဲ့တာပါ။
အဏုမြူရောင်ခြည်ဆေးကုဌာနဟာလည်း အများဆုံး ကုသပေးခဲ့တဲ့ဌာနတခုဖြစ်ပြီး ဒီကုသနည်းနဲ့ လည်ပင်းသွိုင်းရွိုက်လိုရောဂါတွေအပါအဝင် နောက်ပိုင်းမှာ တခြားရောဂါတွေကိုလည်း ကုသတာတွေရှိလာတယ်လို့ အထွေထွေရောဂါကုဆရာဝန်တယောက်က ပြောပါတယ်။
စုစုပေါင်း ကုသပေးခဲ့တဲ့ လူနာတွေထဲမှာ အရေပြားရောဂါက ကင်ဆာပြီးရင် တတိယအများဆုံး ဖြစ်ပါတယ်။ ခွဲစိတ်ဌာန၊ နှလုံးဌာနတွေမှာ လူနာတွေဟာ ကင်ဆာ၊ အထွေထွေရောဂါနဲ့ အရေပြားထက်စာရင် တော်တော်ကိုနည်းပြီး ဆီးချို၊ သွေးချို အမျိုးအစား ၁ ဆိုရင် အနည်းဆုံးထဲမှာ ပါနေတာပါ။
အတွင်းလူနာစာရင်းမှာတော့ အထွေထွေရောဂါလူနာတွေက အများဆုံးဖြစ်ပြီး ခွဲစိတ်ကုသရတဲ့ လူနာတွေက ဒုတိယအများဆုံး၊ ကင်ဆာကုသဆောင်မှာတော့ တတိယအများဆုံး ကုသပေးခဲ့ရပါတယ်။