Home
မြန်မာသတင်း
ကယားပြည်နယ်ဝန်ကြီးချုပ်ကို ပြည်နယ်လွှတ်တော်က စွပ်စွဲပြစ်တင်
နော်နိုရင်း
·
August 20, 2020
စက်ယန္တရားကြီးတွေကို ငှားရမ်းပြီးသုံးစွဲခဲ့မှုနဲ့ ကယားဒေးကွင်းမြေနေရာ ငှားရမ်းသုံးစွဲခဲ့မှုနဲ့ပတ်သက်ပြီး ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ကယားပြည်နယ်လွှတ်တော်က စွပ်စွဲပြစ်တင်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ‌လေးပုံတစ်ပုံက စွပ်စွဲပြစ်တင်တာဖြစ်ပြီး  စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး စစ်ဆေးဆောင်ရွက်နေတယ်လို့ ကော်မတီဥက္ကဋ္ဌ  ဖရူဆိုမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ခူးသဲရယ်က ပြောတယ်။ “စွပ်စွဲပြစ်တင်ရတဲ့ အဓိက အကြောင်း ၂ ခုရှိပါတယ်။ အဲဒါကတော့ စက်ယန္တရားကိစ္စရယ်၊ နောက်တခုက ကယားဒေးပွဲတော်ကျင်းပရေး မြေနေရာ အမည်ပေါက်ဖော်ဆောင်ပေးဖို့ အဆိုကိစ္စ အဓိက အကြောင်းက ဒီ ၂ ခုပေါ့။ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ လေးပုံတပုံ လက်မှတ်ထိုးပြီးတော့ ဥက္ကဋ္ဌဆီကို တင်တာပေါ့နော်။ စွပ်စွဲပြစ်တင်ပြီးတော့မှ အရေးယူပေးဖို့ တင်တယ်။ ပြီးတော့ လွှတ်တော်ဥက္ကဋ္ဌကနေပြီးမှ စုံစမ်းစစ်ဆေးရေးအတွက် ကော်မတီဖွဲ့တယ်ပေါ့နော်။  ” ပြည်နယ်ဝန်ကြီးချုပ်ကို အရေးယူပေးဖို့ စွပ်စွဲပြစ်တင်တဲ့ လွှတ်တော်ကိုယ်စားလှယ် လေးပုံတပုံထဲမှာ တပ်မတော်သားကိုယ်စားလှယ်လည်း ပါဝင်ပါတယ်။ ပြီးခဲ့တဲ့အစိုးရလက်ထက် ဝယ်ယူထားတဲ့ စက်ယန္တရားကြီး ၁၈ စီးကို အခု ပြည်နယ်အစိုးရက အငှားချပြီး သုံးစွဲတယ်လို့ စွပ်စွဲထားသလို ကယားဒေးကျင်းပရေးမြေနေရာကို ပြည်နယ် လွှတ်တော်က အတည်ပြုထားပေယ့် ဝန်ကြီးချုပ်က မြေအငှားစာချုပ်တွေနဲ့ချပြီး လုပ်ကိုင်ဆောင်ရွက်နေတာ တွေ့ရှိရတယ်လို့လည်း ဦးသဲရယ်က ပြောပါတယ်။ “အရင်အစိုးရလက်ထဲမှာကတည်းကိုက ဝယ်ယူထားတဲ့ စက်ယန္တရား ၁၈ စီးရှိတာပေါ့နော်။ အဲလို ဝယ်ယူထားတဲ့ကိစ္စကို ဒီဘက်အစိုးရလက်ထက် လွှဲပြောင်းတဲ့ကိစ္စမှာ စာချုပ်စာတမ်း၊ စာရွက်စာတမ်းနဲ့ လွှဲပြောင်းတာမဟုတ်တဲ့အပြင် အဲဒီစက်ပစ္စည်းတွေရဲ့ ငှားရမ်းခတွေကလည်း ပြည်သူ့ဘဏ္ဍာငွေထဲ မသွင်းဘူးပေါ့နော်။ အပြင်မှာပဲ ဖိုင်တခုဖွင့်ပြီးတော့မှ ဝန်ကြီးချုပ်ကနေပြီးတော့မှ ရန်ပုံငွေအရ အသုံးပြုနေတာတွေလည်း ကျနော်တို့ စာရင်းစစ်ရဲ့အစီရင်ခံစာမှာလည်း တွေ့ရှိရတာပေါ့နော်။  ကယားဒေးကွင်းကတော့ ၂၀၁၈ (၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေးမှာ အဆိုရှင်ဖြစ်တဲ့ ဦးခင်မောင်ထွန်း(ခ)နောအီက မြေနေရာကို ကယားဒေးပွဲတော်ကျင်းပရေးမြေနေရာအဖြစ် လုပ်ပေးဖို့ဆိုပြီးတော့မှ အဆိုတင်ခဲ့တယ်။ အဆိုတင်ထားတဲ့အပေါ်မှာလည်း သဘောထားကွဲလွဲမှု ရှိကြတယ်။ သဘောထားကွဲလွဲတဲ့ကိစ္စကတော့ အဲဒီမြေနေရာမှာ ဟိုတယ်ဆောက်ဖို့ကိစ္စရယ်၊ ရေလွှာလျှောစီးလုပ်ငန်း ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေလည်း ရှိနေတာပေါ့။ အဲတော့ ကျနော်တို့ လွှတ်တော်ထဲ မဲခွဲဆုံးဖြတ်လိုက်တဲ့အခါမှာ ကယားဒေးကွင်းမြေနေရာအဖြစ် သတ်မှတ်ပေးဖို့ဆိုတဲ့ အဆိုအောင်သွားတာပေါ့နော်။ ဒီလိုအဆိုအောင်သွားပေမယ့် ယနေ့အထိ ဒီဟာတွေကို အကောင်အထည်မဖော်ဘဲနဲ့ တခြားလုပ်ငန်းတွေနဲ့ ပြန်ပြီးတော့ ခွင့်ပြုထားတာကို ကျနော်တို့ တွေ့ရတယ်။ အဆိုအောင်ပြီးနောက်မှာ အဲဒီမြေကို စည်ပင်မြေအဖြစ် လုပ်လိုက်တဲ့ဟာတွေလည်း ရှိတာပေါ့။ ” ဒါ့အပြင် ကယားဒေးမြေနေရာပေါ်မှာ အရင်ခွင့်ပြုထားတဲ့ ကုမ္ပဏီတွေက ဟိုတယ်နဲ့စားသောက်ဆိုင်ဖွင့်ဖို့ လုပ်ငန်းပြန်လည်စတင်မှုတွေ လုပ်ဆောင်နေသလို ဘန်ဂလိုဆောက်ဖို့နဲ့ ရေသန့်စင်စက်ဆောက်ဖို့ စည်ပင်က ပြန်လည်ငှားရမ်းထားတဲ့ပုံစံနဲ့ အနှစ် ၂၀၊  ၃၀ ငှားရမ်းထားတဲ့ပုံစံနဲ့ ပြန်လည်ခွင့်ပြုပေးနေတာကို စိစစ်တွေ့ရှိရကြောင်းလည်း ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲဖွဲ့ စစ်ဆေးဖို့ မြေစာရင်းနဲ့ စည်ပင်ဌာနကို ဒီကနေ့ ခေါ်ယူခဲ့ပေမယ့် အဆိုပါဌာနတွေ လာရောက်ခြင်းမရှိဘူးလို့လည်း ပြောပါတယ်။ ဒီစွပ်စွဲပြစ်တင်တဲ့ကိစ္စကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၆၃  (က) အရ လွှတ်တော်ဘက်က စွပ်စွဲပြစ်တင်တာဖြစ်ပြီး ဌာနဆိုင်ရာဘက်တော့ နည်းဥပဒေအရ မလာနိုင်ကြောင်း အကြောင်းပြခဲ့တယ်လို့လည်းဆိုပါတယ်။ “သူတို့လာတာ မလာတာက သူတို့အပိုင်းပေါ့နော်။ ကျနော်တို့ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရပဲ ကျနော်တို့ လုပ်သွားမှာဖြစ်တဲ့အခါကျတော့ ဥပဒေအတိုင်းပဲ ဆက်ပြီးဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ ဦးသဲရယ်က ပြောပါတယ်။ စက်ယန္တရားကိစ္စ္စနဲ့  ဒီမြေယာငှားမှုကိစ္စနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်ဟာ တာဝန်အရှိဆုံးသူ ဖြစ်တာကြောင့် သူ့ကို စွပ်စွဲပြစ်တင်တာဖြစ်ပြီး လာမယ့်အပတ်မှာ သူ့ကိုခေါ်ယူပြီး စစ်ဆေးသွားမယ်လို့လည်း ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။ ဥပဒေအရ စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ လိုအပ်တဲ့လူပုဂ္ဂိုလ်တွေကို ‌ခေါ်ယူမေးမြန်း၊ စာရွက်စာတမ်း အထောက်အထားတွေ တောင်းယူခွင့်ရှိသလို လိုအပ်တဲ့နေရာတွေကို သွားရောက်စစ်ဆေးခွင့်ရှိပါတယ်။ ဒါ့အပြင် စွပ်စွဲပြစ်တင်ခံရတဲ့ ပြည်နယ်ဝန်ကြီးချုပ် ကိုယ်တိုင်ဖြစ်ဖစ်၊ ကိုယ်စားဖြစ်စေ ချေပခွင့်ပေးရမှာဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့ စုံစမ်းစစ်ဆေးတွေ့ရှိချက်အစီရင်ခံစာကို ၂ ပတ်အတွင်း ဩဂုတ်လ ၂၈ ရက် နောက်ဆုံးထားပြီး ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဆီ တင်သွင်းရမှာဖြစ်ပါတယ်။ ကယားပြည်နယ်ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ခြင်းနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဩဂုတ်လ ၁၄ ရက်နေ့က ဖွဲ့စည်းထားပြီး အဖွဲ့ရဲ့ ဥက္ကဋ္ဌအဖြစ် ဦးသဲရယ်နဲ့ အတွင်းရေးမှူးအဖြစ် ဦးခင်မောင်ထွန်း(ခ) နော်အီးက နဲ့ အဖွဲ့ဝင် ၃ ဦး စုစုပေါင်း ၅ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024